Home
မြန်မာသတင်း
အမ်အိုယူဖြင့် ဝင်လာသည့် မြန်မာအလုပ်သမား ၁၀၀ ကျော် ပွဲစားအလိမ်ခံရ
နန်းမြနဒီ
·
July 19, 2017
မြန်မာပြည်ကနေ ထိုင်းနိုင်ငံထဲကို  နှစ်နိုင်ငံသဘောတူညီချက်စာချုပ် (အမ်အိုယူ) အလုပ်သမားကတ်နဲ့ ဝင်ရောက်လာတဲ့ အလုပ်သမား ၁၀၀ ကျော် ပွဲစားအလိမ်ခံရတဲ့အတွက် အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။ ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ကျေးရွာ ၃ ရွာက အလုပ်သမား ၁၀၀ ကျော်ဟာ ပွဲစားရဲ့အဆက်အသွယ်နဲ့ တဦးကို ကျပ် ၄ သိန်းမှ ၆ သိန်းထိ ပေးခဲ့ရပြီး ထိုင်းနိုင်ငံထဲမှာ နေထိုင်ခွင့်ဗီဇာမရှိ၊ အလုပ်အကိုင်မရှိလို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာလို့ သူတို့ကို သွားရောက်ကူညီခဲ့တဲ့ မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ (အေအေစီ) အမှုဆောင်ဒါရိုက်တာ ဦးခိုင်ကြီးက  ပြောပါတယ်။ “အလုပ်သမားတွေက ထိုင်းဘက်ရောက်တာ တလလောက်ရှိပြီ။ သူတို့ရောက်နေတဲ့နေရာကို မပြောတတ်တဲ့အတွက် လိုက်ပတ်ရှာနေတာ မနေ့ညနေကမှ သူတို့ အဆက်အသွယ်လုပ်လာတော့ အဲဒီနားမှာရှိတဲ့ ဘုန်းကြီးကျောင်းတကျောင်းကို ဓာတ်ပုံရိုက်ပြီး Viber နဲ့ ပို့ခိုင်းလိုက်တာ။ အဲဒါ မဟာချိုင်မြို့နဲ့ ၁၆ ကီလိုမီတာလောက်ဝေးတဲ့  ဝပ်ကေသွန်ဘုန်းကြီးကျောင်းနားက တန်းလျားတလုံးမှာ စုပြုံပြီးနေနေတာ သွားတွေ့တယ်။ ကိုနိုင်လင်းဆိုတဲ့ ပွဲစားနဲ့ သူ့မိန်းမက သူတို့ကို ရွာအထိလိုက်ခေါ်ပြီး ပတ်စ်ပို့တွေလုပ်ပြီး ထားဝယ်ဘက်က လာတယ်။ ဒါပေမယ့် သူတို့ကို တရားဝင်လမ်းကြောင်းကနေ မခေါ်လာဘဲ နယ်စပ်ထီးခီးဂိတ်ကနေ ဝင်လာတော့ ဗီဇာတုံးလည်း မထုရဘူး။ အမ်အိုယူ လမ်းကြောင်းကနေဝင်ရင် အလုပ်ရှင်ပြောင်းလို့ မရဘူးဆိုပြီး သူတို့အစီအစဉ်နဲ့ ခေါ်ခဲ့တယ်တဲ့။ ဒီရောက်တော့ အလုပ်မရှိတဲ့အပြင် အလုပ်သမားကတ်လုပ်ဖို့ နောက်ထပ် တယောက်ကို ဘတ် ၉ ထောင်၊ တသောင်းထပ်တောင်းတော့ သူတို့လည်း မပေးနိုင်ဘူး။ ဒီကြားထဲ စားရေးသောက်ရေးတွေလည်း အခက်အခဲဖြစ်နေတယ်။” အတူဝင်ရောက်လာတဲ့ အလုပ်သမား ၁၀၀ လောက်ရှိပြီး တချို့ကတော့ ရရာအလုပ်ဝင်လုပ်နေကြောင်း၊ လောလောဆယ် အလုပ်အကိုင်မရှိ၊ စားစရာမရှိဖြစ်နေတဲ့ အလုပ်သမားမှာ အမျိုးသမီး ၂၂ ဦး၊ အမျိုးသား ၄၆ ဦးရှိကာ သူတို့အတွက် ဒီနေ့မနက်စာကို မဟာချိုင်အခြေစိုက် အယ်လ်ပီအန် အလုပ်သမားကူညီရေးအဖွဲ့က ထောက်ပံ့ထားရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အေအေစီအဖွဲ့က ဒီအက်စ်အိုင် ထိုင်းအထူးမှုခင်းရဲတပ်ဖွဲ့ကိုရော ထိုင်းနိုင်ငံရှိ မြန်မာသံရုံး အလုပ်သမားအရာရှိတွေဆီပါ ဆက်သွယ်အကြောင်းကြားထားပြီး ဒီကနေ့မှာ အဖွဲ့ပေါင်းစုံ တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။ ဓာတ်ပုံ - အေအေစီ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024