လူရှောင်ဘို (သို့မဟုတ်) ရန်သူမရှိတဲ့ လူ့အခွင့်အရေးသမား
DVB
·
July 15, 2017
“ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို တရုတ်နိုင်ငံသား စာရေးဆရာ လူရှောင်ဘိုအား ပေးအပ်ချီးမြှင့်လိုက်သည်” ဆိုတဲ့ သတင်းက ၂၀၁၀ ခုနှစ်အောက်တိုဘာ ၈ ရက်မှာ ရုတ်တရက် ထွက်ပေါ်လာတဲ့အခါ တရုတ်အစိုးရဟာ ဒီသတင်းကို တရုတ်နိုင်ငံအတွင်းမှာ မပျံ့နှံ့အောင် အစွမ်းကုန် ပိတ်ပင်တားဆီးခဲ့ပါတယ်။ ဟိုတယ်ကြီးများမှာ ပြသနေတဲ့ CNN နဲ့  BBC ရုပ်မြင်သံကြားလိုင်းတွေကို ကြည့်မရအောင် ပိတ်ပစ်လိုက်သလို အစိုးရပိုင် CCTV ရုပ်မြင်သံကြားရဲ့ သတင်းအစီအစဉ်မှာလည်း ငြိမ်းချမ်းရေး နိုဘယ်လ်ဆုသတင်းကို ထိန်ချန်ထားခဲ့ပါတယ်။ ၀န်ကြီးချုပ် ၀မ်ကြားပေါင်ရဲ့ ဥရောပခရီးစဉ်သတင်း၊ တရုတ်အစိုးရရဲ့ ဆယ့်တစ်ကြိမ်မြောက် ငါးနှစ် စီမံကိန်းသတင်းနဲ့ စပိန်နိုင်ငံက ဖန်ပြွန် သန္ဓေနည်းပညာကို သုံးပြီး ပန်ဒါဝက်ဝံလေး နှစ်ကောင်ကို မွေးတဲ့သတင်းတွေကိုပဲ ဖော်ပြခဲ့ပါတယ်။
လူရှောင်ဘို နိုဘယ်လ်ဆုရတဲ့သတင်းကို မိုဘိုင်းဖုန်းများကနေ စာသား (SMS) ပို့လို့တောင်မရအောင် ပိတ်ဆို့ခဲ့ပါတယ်။ လူရှောင်ဘိုရဲ့ ဇနီးကိုလည်း ကမ္ဘာ့ သတင်းဌာနတွေ၊ မီဒီယာတွေနဲ့ တွေ့လို့မရအောင် အိမ်ကနေ ခေါ်ဆောင်သွားခဲ့ပါတယ်။ တရုတ်အစိုးရအတွက် ၂၀၁၀ ခုနှစ် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုဟာ အရှက်ခွဲတဲ့ဆု ဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ လူ့အခွင့်အရေးရရှိရေးကို ဆောင်ရွက်တဲ့အတွက် တရုတ်အစိုးရရဲ့ ဖမ်းဆီးထောင်ချခြင်းခံနေရသူကို ပေးလိုက်လို့ပါပဲ။ ဆုချီးမြှင့်ခံရတဲ့ လူရှောင်ဘိုဟာ ဆုမပေးခင်ကတည်းက ထောင်ထဲကို ရောက်နေခဲ့ပါပြီ။
လူရှောင်ဘိုဟာ တရုတ်နိုင်ငံမှာ လူသိအများဆုံး လူ့အခွင့်အရေးတိုက်ပွဲဝင်သူတဦး ဖြစ်ပါတယ်။ ထင်ရှားတဲ့ စာရေးဆရာ၊ စာပေဝေဖန်ရေးဆရာလည်း ဖြစ်ပါတယ်။ သူ့ကို ပညာတတ်မိဘနှစ်ပါးက ၁၉၅၅ ခုနှစ်မှာ မွေးပါတယ်။ ၁၉၇၇ ခုနှစ်မှာ တက္ကသိုလ်ရောက်ပြီး တရုတ်စာပေကို သင်ယူလေ့လာပါတယ်။ တက္ကသိုလ်တက်နေစဉ်မှာ သူငယ်ချင်း ခြောက်ယောက် နဲ့ ပေါင်းပြီး “အပြစ်မဲ့နှလုံးသားများ” အမည်နဲ့ ကဗျာဆရာအုပ်စုတစ်ခုကို ဖွဲ့  စည်းခဲ့တယ်။ ၁၉၈၂ ခုနှစ်မှာ ၀ိဇ္ဖာဘွဲ့ကိုရပြီး ဘီဂျင်းပညာရေး တက္ကသိုလ်ရဲ့ တရုတ်စာပေဌာနမှာ သုတေသီ လုပ်ပါတယ်။ ၁၉၈၄ ခုနှစ်မှာ မဟာဝိဇ္ဖာဘွဲ့ကိုရပြီး မိခင်ဌာနမှာပဲ ဆရာပြန်လုပ်ပါတယ်။ ၁၉၈၆ ခုနှစ်မှာ ပါရဂူဘွဲ့အတွက် စပြီးသုတေသန အလုပ်တွေလုပ်ပါတယ်။ မဂ္ဂဇင်းတွေမှာ စာပေဝေဖန်ရေး ဆောင်းပါးတွေကို စတင်ရေးသားပါတယ်။ သမားရိုးကျ အယူအဆတွေအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်တဲ့ သူ့ဆောင်းပါးတွေဟာ နာမည်ကြီးပါတယ်။ သူ့ကိုလည်း စာပေနယ်မှာ မြင်းမဲလို့ အမည်ပေးကြတယ်။ စာပေနယ်မှာရော၊ အယူအဆသဘောတရား နယ်ပယ်မှာပါ လူရှောင်ဘိုရဲ့ ဝေဖန်ရေးဆောင်းပါးတွေဟာ အလွန်အဆိပ်ပြင်းတဲ့အတွက် လူရှောင်ဘို သွေးလှန့်ချက် ( Liu Xiaobo Shock) ဆိုတဲ့ စကားလုံးပင် ပေါ်လာခဲ့ပါတယ်။
၁၉၈၇ ခုနှစ်မှာ သူ့ရဲ့ လုံးချင်းစာအုပ် ထွက်လာပါတယ်။ “ရွေးချယ်မှုကို ဝေဖန်ခြင်း- လူဇီဟောင်နဲ့ ဆွေးနွေးခန်း” ဆိုတဲ့ စာပေဝေဖန်ရေး စာအုပ် ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ တရုတ်နိုင်ငံမှာ ရောင်းအကောင်းဆုံး စာအုပ်တစ်အုပ် ဖြစ်ခဲ့တယ်။ တရုတ်နိုင်ငံရဲ့ ကွန်ဖျူးရှပ်ဓလေ့ထုံးတမ်းတွေအပေါ် ဝေဖန်ထားပြီး အဲဒီအချိန်မှာ သြဇာတက်နေတဲ့ သဘောတရားရေးဆရာ လူဇီဟောင်ကို ပြတ်ပြတ်သားသားစိန်ခေါ် တိုက်ခိုက်ထားတဲ့ စာအုပ်ပါ။
၁၉၈၈ ခုနှစ်မှာ ပါရဂူဘွဲ့ရပြီး တက္ကသိုလ်မှာ ကထိက ဆက်လုပ်ပါတယ်။ အော်စလိုတက္ကသိုလ်၊ ဟာဝိုင်အီတက္ကသိုလ်၊ ကိုလံဘီယာတက္ကသိုလ် စတဲ့ တက္ကသိုလ်များကို ဧည့်ပါမောက္ခအဖြစ် သွားရောက်ခဲ့ပါတယ်။
၁၉၈၉ ခုနှစ် ဧပြီလ ၂၇ ရက်မှာ တိန်အန်မင်ကျောင်းသား အရေးအခင်းကြီး ဖြစ်ပါတယ်။ တရုတ်ပြည်ပြန်ရောက်နေတဲ့ လူရှောင်ဘိုဟာ ဒီအရေးအခင်းမှာ ပါဝင်ဖို့ အတွက် ဘီဂျင်းကို ပြန်လာခဲ့ပါတယ်။ တိန်အန်မင် ရင်ပြင်ကို သိမ်းပိုက်ထားပြီး အစိုးရကို အာခံနေတဲ့ ကျောင်းသားတွေကို တရုတ်စစ်တပ်က အကြမ်းဖက် ဖြိုခွင်းတော့မယ့် အချိန်မှာ လူရှောင်ဘိုဟာ လူလေးဦးပါဝင်တဲ့ အစာငတ်ခံ ဆန္ဒပြမှုကို ဦးဆောင်ပြုလုပ်ပါတယ်။ ပူးတွဲကြေညာချက် တစ်စောင်ကိုလည်း ထုတ်ပြန်လိုက်တယ်။ တဖက်နဲ့တဖက် ရန်သူလို မြင်နေတဲ့ လူတန်းစားတိုက်ပွဲသဘောတရားကို စွန့်လွှတ်ပြီး ဆွေးနွေးညှိနှိုင်းပွဲလုပ်ဖို့ အစိုးရနဲ့ ကျောင်းသားများကို တိုက်တွန်းထားပါတယ်။ “ငါ့မှာ ရန်သူမရှိပါ” ဆိုတဲ့ ကြွေးကြော်သံဟာ ကြေညာချက်ရဲ့ အဓိက အချက်ပါပဲ။ လူရှောင်ဘိုရဲ့ ကြေညာချက် ထွက်တဲ့နေ့မှာပဲ တိန်အန်မင်ရင်ပြင်ထဲကို တင့်ကားတွေဝင်လာပြီး ကျောင်းသားတွေကို ရက်ရက်စက်စက် ဖြိုခွဲပါတယ်။ ကြေညာချက် နောက်ကျသွားပေမယ့် လူရှောင်ဘိုဟာ အစိုးရအာဏာပိုင်တွေနဲ့ ကျောင်းသားအဖွဲ့တွေကို ညှိနှိုင်းပြီး ကျောင်းသားထောင်ပေါင်း များစွာကို တိန်အန်မင်ရင်ပြင် အတွင်းကနေ ငြိမ်းချမ်းစွာ ထွက်ခွာသွားနိုင်အောင် စီစဉ်ပေးခဲ့တယ်။ ဒါကြောင့် ကျောင်းသား ထောင်ပေါင်းများစွာ အသက်ဘေးက လွတ်ခဲ့ပါတယ်။
လူရှောင်ဘိုကတော့ ဇွန်လ ခြောက်ရက်နေ့မှာ အထိန်းသိမ်းခံရပါတယ်။ သုံးလကြာတော့ လူရှောင်ဘို ပြန်လွတ်လာတယ်။ ဒါပေမယ့် တက္ကသိုလ်ကျောင်း ဆရာအလုပ်က အထုတ်ခံလိုက်ရတယ်။ အစိုးရမီဒီယာတွေက သူ့ကို ခွေးရူးလို့ အမည်တပ်ပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်တယ်။ အစိုးရအဖွဲ့ကို ဖြုတ်ချဖို့ ကျောင်းသား တွေကို အသုံးချခဲ့တယ်လို့လည်း စွပ်စွဲပါတယ်။ သူ့စာအုပ်တွေ အားလုံးကိုလည်း ပိတ်ပင်လိုက်ပါတယ်။ အထိန်းသိမ်းခံရာမှ လွတ်မြောက်ပြီး မကြာခင်မှာ အိမ်ထောင်ရေး ပြိုကွဲသွားပြီး ဇနီးနဲ့သားက အမေရိကန် ပြည်ထောင်စုကို ပြောင်းရွှေ့သွားပါတယ်။ ၁၉၉၀ ခုနှစ်မှာ ကဗျာဆရာမ လူရှီယာနဲ့ လက်ထပ်ပါတယ်။
စာအုပ်ထုတ်ဝေခွင့်ကို အပိတ်ခံထားရပေမယ့် လူရှောင်ဘိုဟာ စာကို ဆက်ရေးနေခဲ့တယ်။ လူ့အခွင့်အရေးနဲ့ နိုင်ငံရေးအကြောင်းအရာများကိုပဲ အဓိက ရေးသားနေခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်မှာ “ကပ်ဆိုးမှ ကျန်ရစ်သူရဲ့ တကိုယ်တော် ပြောစကားများ” လို့ အမည် ပေးထားတဲ့ စာအုပ်ကို တိုင်ဝမ်မှာ ထုတ်ဝေပါတယ်။ ၁၉၈၉ ခုနှစ် တိန်အန်မင်အရေးအခင်းနဲ့ ပတ်သက်တဲ့ သူ့ရဲ့ ၀န်ခံချက်တွေ ဝေဖန်သုံးသပ်ချက်တွေကို ရေးသားထားပါတယ်။ အလွန်ဂယက်ရိုက်ခဲ့တဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
၁၉၉၅ ခုနှစ် မေ ၁၈ ရက်မှာ လူရှောင်ဘိုကို ရဲက ခေါ်ယူထိန်းသိမ်းပြန်ပါတယ်။ တိန်အန်မင်အရေးအခင်း အကြောင်းနဲ့ ပတ်သက်ပြီး စစ်ဆေးရေးကော်မရှင်တခု ဖွဲ့စည်းဖို့ အစိုးရကို တိုက်တွန်းတဲ့စာကြောင့် ထိန်းသိမ်းခံရတာပါ။ ကိုးလကြာအောင် အထိန်းသိမ်းခံရပြီး ၁၉၉၆ ခုနှစ် ဖေဖော်ဝါရီလမှာ ပြန်လွတ်လာပါတယ်။ နောက် ၈ လအကြာ အောက်တိုဘာလထဲမှာ အထိန်းသိမ်းခံရပြန်ပါတယ်။ တရုတ်နဲ့ ထိုင်ဝမ် ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးအတွက် ကြေညာချက်ကို ရေးသားတဲ့အတွက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ်သုံးနှစ် အပြစ်ဒဏ်ချတာ ခံရပြန်ပါတယ်။ ၁၉၉၉ ခုနှစ်မှာ ပြန်လွတ်လာတယ်။ ဒါပေမယ့် လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားလို့ မရတော့ပါဘူး။
သူ့နေအိမ်နားမှာ ထောက်လှမ်းရေးတွေက အမြဲစောင့်နေကြတယ်။ တယ်လီဖုန်း လိုင်းကို ကြားဖြတ်နားထောင်တယ်။ အင်တာနက်လိုင်းတွေကို စောင့်ကြည့်နေတယ်။
၂၀၀၀ ခုနှစ်အတွင်းမှာ လူရှောင်ဘိုဟာ စာအုပ် သုံးအုပ်ထုတ်ဝေပါတယ်။ ထိုင်ဝမ်မှာ တအုပ်၊ ဟောင်ကောင်မှာ တအုပ်၊ တရုတ်ပြည်မကြီးမှာ တအုပ်။ တရုတ်ပြည်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အစီရင်ခံစာကို ၂၀၀၄ ခုနှစ်မှာ စရေးတယ်။ အစိုးရက သိသွားပြီး ကွန်ပျူတာတွေ၊ စာရွက်စာတန်း အထောက်အထား မှတ်တမ်းတွေနဲ့ ပေးစာတွေကို သိမ်းယူသွားပါတယ်။ အစိုးရက လူရှောင်ဘိုကို တင်းတင်းကျပ်ကျပ် စောင့်ကြည့်နေပြီး အရေးကြီးတဲ့နေ့ရက်တွေဆိုရင် နေအိမ်အကျယ်ချုပ်သဘောမျိုး ထိန်းသိမ်းထားပါတယ်။
လူရှောင်ဘိုဟာ ချာတာသုညရှစ် (Charter 08) ဆိုတဲ့ ကြေညာစာတန်းကို ရေးသားရာမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ပါတယ်။ ဒီစာတန်းထဲမှာ ဒီမိုကရေစီရရှိရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ လွတ်လပ်စွာထုတ်ဖော်ရေးသားခွင့်တွေကို တောင်းဆိုထားပြီး ပညာရှင်သုံးရာက လက်မှတ်ရေးထိုးထားပါတယ်။ စာတန်းကို ၂၀၀၈ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ဖြန့်ဝေဖို့ စီစဉ်ထားပါတယ်။ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတန်းကြီး အနှစ် ၆၀ ပြည့်တဲ့နေ့မှာ အထိမ်းအမှတ်အဖြစ် ဖြန့်ဝေမှာပါ။ မဖြန့်ဝေခင် နှစ်ရက်အလို ဒီဇင်ဘာ ၈ ရက်ညမှာပဲ လူရှောင်ဘို အဖမ်းခံရပါတယ်။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်မှာ ထောင်ဒဏ် ၁၁ နှစ် အမိန့် ချမှတ်လိုက်ပါတယ်။ ၂၀၁၀ ပြည့်နှစ် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ချီးမြှင့်ခံရတဲ့အချိန်မှာ လူရှောင်ဘို ထောင်ထဲ ရောက်တာ ၂ နှစ် ရှိနေပါပြီ။ “လူ့အခွင့်အရေးရရှိရေးအတွက် အကြမ်းမဖက်သောနည်းလမ်းဖြင့် မဆုတ်မနစ် ကြိုးပမ်းအားထုတ်မှုအတွက် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ချီးမြှင့်ခြင်း ဖြစ်သည်” လို့ ဆုရွေးချယ်ရေးကော်မတီက မှတ်ချက်ချပါတယ်။ တရုတ်အစိုးရကတော့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်တဲ့အနေနဲ့ လူရှောင်ဘိုရဲ့ ဇနီးသည်ကို နေအိမ်အကျယ်ချုပ်ချထားလိုက်ပါတယ်။
လူရှောင်ဘိုဟာ လွတ်လပ်စွာထုတ်ဖော်ခွင့်ကို လေးလေးနက်နက် ယုံကြည်သူဖြစ်တယ်။ “လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသားခွင့်ဟာ လူ့အခွင့်အရေးရဲ့ အခြေခံလည်းဖြစ်၊ လူသားဆန်မှုရဲ့ အရင်းအမြစ်လည်းဖြစ်၊ အမှန်တရားရဲ့ မိခင်လည်း ဖြစ်တယ်” လို့ ရေးသားဖူးပါတယ်။ တစ်ပါတီအုပ်စိုးရေး စနစ်သာရှိတဲ့ တရုတ်ပြည် အတွက်တော့ ဒီရေးသားချက်တွေဟာ ရန်စတိုက်ခိုက်မှုတွေပါပဲ။ လူရှောင်ဘိုကိုလည်း ရန်သူစာရင်းမှာ ထည့်သွင်းပြီး အကြိမ်ကြိမ် သံတိုင်တွေနောက်မှာပဲ ပို့ထားခဲ့ပါတယ်။ လူရှောင်ဘိုဟာ ထောင်ကျရက် မကုန်ဆုံးခင် ၂၀၁၇ ခုနှစ် ဇူလိုင် ၁၃ ရက်မှာပဲ အသဲကင်ဆာနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ နိုင်ငံခြားထွက်ပြီး ဆေးကုသခွင့် တောင်းခဲ့ပေမယ့် အစိုးရက ခွင့်မပြုခဲ့ခြင်းဟာ လူရှောင်ဘိုကို အသက်ထွက် မြန်စေခဲ့တာပဲလို့ ဝေဖန်ကြပါတယ်။
လူရှောင်ဘိုကွယ်လွန်တဲ့ သတင်းကိုလည်း တရုတ်အစိုးရက အကြီးအကျယ် ပိတ်ပင်ပါတယ်။ အွန်လိုင်းပေါ်မှာ သူ့နာမည် (Liu Xiaobo) ကို ပိတ်ထားသလို ဆင်တူစကားလုံး (LXB) တွေကိုလည်း ပိတ်ထားပါတယ်။ ငြိမ်းချမ်းစွာ အနားယူပါလေ ဆိုတဲ့ RIP စကားလုံးကိုလည်း ပိတ်ပါတယ်။ တိန်အန်မင်အရေးအခင်းအတွင်း နာမည်ကြီးခဲ့တဲ့ သူ့ကြွေးကြော်သံကိုလည်း ပိတ်ပါတယ်။ ဒါကတော့ “ငါ့မှာ ရန်သူမရှိပါ” ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။