Home
မြန်မာသတင်း
ဘူးသီးတောင်မြို့နယ်တွင် လူသတ်တရားခံ ၃ ဦး ဖမ်းဆီးရမိ
DVB
·
July 14, 2017
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ထဲမှာ  ရွာသား ၂ ဦးကိုသတ်ခဲ့တဲ့  လူသတ်တရားခံ ၃ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်ညနေပိုင်းက ဘူးသီးတောင်မြို့နယ် ယင်းမကျောင်းတောင်ရွာထိပ်မှာ မာမောက် ဟာရစ်(ခ)ဘိုစိန်ဦးနဲ့  မာမောက်ဟာဆောင်း(ခ)ရွှေလှတို့(၂)ဦးကို အမည်မသိလူ(၁၀)ဦးလောက်က  ဓားနဲ့ထိုးခဲ့လို့  သေဆုံးခဲ့တဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေက  စုံစမ်းစစ်ဆေးဖမ်းဆီးရမိခဲ့တာပါ။ ဇူလိုင် ၉ ရက်ညနေပိုင်းမှာ  ကိုယ်တိုင်ပါဝင်သတ်ဖြတ်ခဲ့သူ ယင်းမချောင်းတောင် (တောင်ပိုင်း) ရွာနေ ဆွေယော့ဒူရာမာန်နဲ့ ဟာရုန်းတို့(၂)ဦးကို ဖမ်းမိခဲ့ပြီး ဇူလိုင် ၁၁ရက် ညနေပိုင်းမှာ တရွာထဲနေ အဒူရော်ဇော်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ ဖမ်းဆီးရမိတရားခံတွေကို တောင်ဘဇာနယ်မြေရဲစခန်းမှာ အမှုဖွင့်စစ်ဆေးနေပြီး ကျန်ရှိ တဲ့ တရားခံတွေကို ဖမ်းဆီးရမိဖို့ စုံစမ်းနေတယ်လို့ သိရပါတယ်။ အလားတူ ဇူလိုင် ၁၂ ရက်ညကလည်း  မောင်တောမြို့နယ် ရွှေဇားအလယ်ရွာ လမ်းမပေါ်မှာ  ဓားကိုယ်စီကိုင်ဆောင်ထားတဲ့  မသင်္ကာသူ  အဲလ်ဖမ် ၁၈ နှစ်နဲ့ အဲလ်ကရမ် ၃၅ နှစ်တို့ ၂ ဦးကို လှည့်ကင်းအဖွဲ့ကတွေ့ရှိလို့ ဖမ်းဆီးစစ်ဆေးနေပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ဇူလိုင် ၁၀ ရက်ကတော့ ဘူးသီးတောင်မြို့နယ်ရှိ ကျီးနှုတ် သီးကျေးရွာမှာ အကြမ်းဖက်သင်တန်းဖွင့်လှစ်ဖို့ လူစုဆောင်းတဲ့ ကာဒေဟူဆောင်း(၅၅)နှစ်ကို သတင်းအရ နေအိမ်မှာ ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024