မြိတ်တွင် ရှစ်လေးလုံးဒီမိုကရေစီ အထိမ်းအမှတ် ကျောက်တိုင်စိုက်ထူမည်
DVB
·
July 12, 2017
မြိတ်မြို့မှာ ရှစ်လေးလုံး ဒီမိုကရေစီ အထိမ်းအမှတ်ကျောက်တိုင်တခု စိုက်ထူသွားမယ်လို့ သိရပါတယ်။
၈ လေးလုံး အရေးတော်ပုံအတွင်း မြိတ်မြို့မှ အသက်ပေးသွားတဲ့ ရဟန်းရှင် လူ ကျောင်းသားပြည်သူများ နိုင်ငံတဝန်းလုံးရှိ အရေးတော်ပုံကာလတွင် ကျဆုံးသွားတဲ့ ရဟန်းရှင် လူ ကျောင်းသားပြည်သူများကို ရည်စူးပြီး အထိမ်းအမှတ် စိုက်ထူမှာဖြစ်ပြီး နေရာအတည်တကျ ရွေးချယ်နေကြောင်း၊ လက်ရှိမှာ မြိတ်မြို့ကမ်းနားလမ်းနဲ့ ငါးဦးစီးရုံးအဝင်လမ်းထောင့်မှာ နေရာကြည့်ထားကြောင်း အထိမ်းအမှတ်ကျောက်တိုင် ဖြစ်မြောက်ရေး ဦးဆောင်စီစဉ်နေသူ ဦးတင်ကိုကိုဦးက ပြောပါတယ်။
“ကျနော်တို့မြိတ်မြို့မှာ ဒီမိုကရေစီအရေးတော်ပုံ ကာလအတွင်းမှာ နိုင်ငံတ၀န်းက အသက်ပေးသွားတဲ့ ရဟန်းရှင် လူပြည်သူတွေကို ရည်စူးပြီး အထိမ်းအမှတ်ကျောက်တိုင်တခု တည်ဆောက်မှာပါ။ ယခင်သင်္ချိုင်းဟောင်းနေရာ၊ မီးသုံးလုံးနေရာဟောင်း၊ ဗဟိုလမ်းနဲ့ အ.ထ.က (၁) ကျောင်းလမ်းထိပ်ကြက်လျာစွန်း ယခုလက်ရှိ ကမ်းနားလမ်းဆုံ စတဲ့ နေရာတွေကို ရွေးချယ်ခဲ့ပါတယ်။ ဒါပေမယ့် ၃ နေရာက အဆင်မပြေဖြစ်နေတော့ ကမ်းနားလမ်းဆုံနေရာကိုပဲ ရွေးထားပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုင်ပင်ပြီး အလှူရှင်တွေရဲ့ ငွေနဲ့ စုပေါင်းတည်ဆောက်ကြမှာပါ။”
၈ လေးလုံး ဒီမိုကရေစီ အထိမ်းအမှတ်ကျောက်တိုင်ကို တည်ဆောက်ဖို့အတွက် စည်ပင်ဥက္ကဋ္ဌ ဦးမြတ်ကိုနဲ့ တာဝန်ရှိသူတွေ လာရောက်စစ်ဆေးပေးခဲ့ပြီး နေရာအတည်တကျကိုမူ မသတ်မှတ်ရသေးကြောင်း၊ နေရာကို အတည်သတ်မှတ်ပေးပြီးပါက ကော်မတီဖွဲ့ပြီး ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ ဦးမြတ်ကိုက ပြောပါတယ်။
အထိမ်းမှတ်ကျောက်တိုင်မှာ အမြင့်ပေ ၁၂ ပေရှိပြီး အောက်ခြေဖိနပ် ၆ ပေရှိကာ ဒီမိုကရေစီ အရေးတော်ပုံအတွင်း ကျဆုံးခဲ့သူတွေကို ဦးညွှတ်နေဟန်ရှိတဲ့ ဒီဇိုင်းကို ဆွဲထားတယ်လို့ သိရပါတယ်။
အထိမ်းအမှတ်ကျောက်တိုင်ကို ယခုလာမယ့် ၂ လအတွင်း စတင်တည်ဆောက်မှာဖြစ်ပြီး မည်သည့်ဘတ်ဂျက်ကိုမျှ အသုံးပြုမှာမဟုတ်ဘဲ မြို့နေလူထုရဲ့ လှူဒါန်းငွေများနဲ့ တည်ဆောက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
သတင်း - မြတ်ထွဋ်(မြိတ်)