ကလေးမြို့တွင် မူးယစ်ဆေးဝါး ၄ မှု တရက်တည်း ဖမ်းမိ
DVB
·
July 10, 2017
ဇူလိုင် ၉ ရက်နေ့က ကလေးမြို့မှာ တရက်တည်း မူးယစ်ဆေးဝါး ၄ မှု ဖမ်းဆီးနိုင်ခဲ့တယ်လို့ ကလေးမြို့မရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
"သတင်းအရ ကလေးမြို့ နယ်ထိန်းရဲတပ်ဖွဲ့နဲ့သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေ ပေါင်းပြီး ဖမ်းဆီးနိုင်ခဲ့တယ်။ ကလေး နတ်ချောင်းလမ်း ကလေးအထွက်မှာ ၂ မှုနဲ့ တောင်ဇလပ်ရပ်ကွက် ကျန်စစ်သားလမ်းမှာ ၁ မှု၊ ချမ်းမြေ့အောင်စည်ရပ်ကွက်မှာ ၁ မှု၊ အားလုံးက သယ်ဆောင်ရာ လမ်းကြောင်းပေါ်မှာ ဖမ်းမိတာ" လို့ ကလေးမြို့ရဲတပ်ဖွဲ့ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဗိုလ်ဗိုလ်ဝင်းထွဋ်က ပြောပါတယ်။
မူးယစ်ဆေးဝါး ဖမ်းဆီးမှု ၄ မှုမှာ ၆ ဦး ဖမ်းဆီးခဲ့ပြီး အမျိုးသမီး ၃ ဦး ပါဝင်ကာ အမျိုးသမီး ၃ ဦးဆီက ဘိန်းဖြူဆပ်ပြာခွက် ၉ ခွက် ဖမ်းဆီးရမိကာ အမျိုးသား ၃ ဦးထံက ဘိန်းဖြူ ဆပ်ပြာခွက် ၂ ခွက်၊ ငွေကြေးကာလ တန်ဖိုး ၁၂၁ သိန်းဖိုးလောက် ရှိတယ်လို့ သိရပါတယ်။
မူးယစ်ဆေးဝါး သယ်ဆောင်သူတွေကတော့ ကလေးမြို့ ချမ်းမြေ့အောင်စည်ရပ်ကွက်၊ တပ်ဦးသီတာရပ်ကွက်နဲ့ နတ်ချောင်းရွာမှာ နေထိုင်သူတွေ ဖြစ်ပါတယ်။
မူးယစ်ဆေးဝါး သယ်ဆောင်သူ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၃ ဦးတို့ကို ကလေးမြို့မရဲတပ်ဖွဲ့က ဥပဒေအရ အရေးယူနိုင်ရေး အမှုဖွင့် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - မင်းရဲစစ်နိုင်