Home
မြန်မာသတင်း
၅၅ ယာဉ်လိုင်းဖျက်သိမ်းပြီး ၃၇ ယာဉ်လိုင်းကို မှော်ဘီနည်းပညာတက္ကသိုလ်ထိ ပြေးဆွဲပေးမည်
DVB
·
July 9, 2017
  YBS ယာဉ်တိုက်မှုဖြစ်ပြီး ၅၅ ယာဉ်လိုင်းကို မနေ့က ဖျက်သိမ်းပြီးနောက် ရန်ကုန်မြို့တွင်း လမ်းမတော်မြို့နယ်က  ထောက်ကြန့် အဝင်အထိ လက်ရှိ ပြေးဆွဲနေတဲ့ ၃၇ ယာဉ်လိုင်းကို မှော်ဘီနည်းပညာတက္ကသိုလ်အထိ ပြေးဆွဲပေးတော့မှာဖြစ်ပါတယ်။ မနေ့က ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် နဲ့ နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂတို့ တွေ့ဆုံဆွေးနွေးပြီး အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ YBS ၅၅ ဘတ်စ်ကား ယာဉ်လိုင်းကို ဖျက်သိမ်းလိုက်တာကြောင့် ရုံးဖွင့်ရက်တွေမှာ အဲဒီကားကို စီးနေကြ ခရီးသည်တွေအနေနဲ့ အခက်အခဲရှိနိုင်ပေမယ့် ၃၇ ဘတ်စ်ကား ယာဉ်လိုင်းက နိုင်နိုင်နင်းနင်း ပြေးဆွဲပေးမှာဖြစ်လို့ ခရီးသည်တွေ အနေနဲ့ ဒုက္ခရောက်နိုင်တဲ့ အနေအထားမှာ မရှိဘူးလို့ ၃၇ ယာဉ်လိုင်း ဂိတ်မှူး ဦးမျိုးတင့်က ပြောပါတယ်။ ၅၅ ယာဉ်လိုင်းက စပယ်ယာပါဝင်ပြီး ကိုယ်ရကိုယ်ယူစနစ်နဲ့ပြေးဆွဲတဲ့ လိုင်းကားတွေကိုတော့ ဒီနေ့ကစလို့ ဖျက်သိမ်းလိုက်ပြီဖြစ်ပြီး၊ စပယ်ယာမပါတဲ့ အများပိုင် ယာဉ်လိုင်းကိုတော့ ဥက္ကံကနေ ထောက်ကြံ့အထိပဲ ပြေးဆွဲခွင့်ပြုတော့မှာဖြစ်ပါတယ်။ ဇူလိုင်လ ၇ ရက်နေ့က ရန်ကုန်-ပြည်လမ်းမကြီး ရေစင်မှတ်တိုင်အနီး YBS ၅၅ နဲ့ YBS ၃၇ တို့ အပြင်းအထန်တိုက်မိပြီးနောက်မှာ ရန်ကုန်မြောက်ပိုင်းတိုက်ကြီးသား အများပိုင်ကုမ္ပဏီ က ပြေးဆွဲနေတဲ့ ၅၅ ယာဉ်လိုင်းကို ဖျက်သိမ်းလိုက်တာပါ။ လက်ရှိအချိန်မှာ ရန်ကုန်မြို့တွင်းကနေ ထောက်ကြံ့အထိ ပြေးဆွဲပေးနေတဲ့ ယာဉ်လိုင်း ၃ လိုင်းရှိပြီးတော့ ၃၇၊ ၅၅ နဲ့  ၃၅ ယာဉ်လိုင်းတို့ပဲဖြစ်ပါတယ်။ ခရီးသွားပြည်သူတွေ အနေနဲ့ ပြည်လမ်းမက သွားတဲ့ ၃၇ နဲ့ ၅၅ ယာဉ်လိုင်းတွေကိုသာ အစီးများပြီးတော့ မြောက်ဥက္ကလာဘက်က သွားတဲ့ ၃၅ ကိုတော့ အစီးနည်းပါတယ်။ လက်ရှိအချိန်မှာ ၃၇ ယာဉ်လိုင်းမှာ အစီးရေ ၁၀၀ ကျော်ရှိနေပြီး တစ်နေ့ကို ၃ ခေါက်နှုန်းနဲ့ ပြေးဆွဲပေးနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024