ထိုင်းနိုင်ငံသို့ အစိုးရအချင်းချင်း ချိတ်ဆက်ပြီး အလုပ်သမား စေလွှတ်တော့မည်
အောင်ဆန်းဦး
·
July 8, 2017
ထိုင်းနိုင်ငံမှာ ဖြစ်ပွားနေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား ပြဿနာတွေ လျော့ချနိုင်ဖို့ ပုဂ္ဂလိကကုမ္ပဏီတွေကနေ အလုပ်သမားစေလွှတ်နေမှုကို ရပ်တန့်ပြီး အစိုးရအချင်းချင်း ချိတ်ဆက်ကာ တရားဝင်အလုပ်သမားတွေအဖြစ် ပို့ဆောင်တော့မယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီ ဦးသိန်းဆွေက ပြောပါတယ်။
“နောင် အလုပ်သမားတွေပို့ရင်လည်း G to G ပဲ လက်မှတ်ထိုးပြီးမှပို့မယ်။ ပွဲစားကနေမှ ရွာက ကလေးတွေကိုလေ လိမ်ညာခေါ်တာတွေ လျော့နည်းပပျောက်သွားအောင်။ သူ့တို့ဘက်ကနေလည်း အလုပ်ရှင်တွေက မှန်မှန်ကန်ကန်အလုပ်ရှင်တွေဖြစ်ဖို့ G to G နဲ့ပဲ အခြားနိုင်ငံတွေကို ပို့တဲ့နည်းနဲ့ ဆက်လက်ဆောင်ရွက်မယ်လို့ ဆွေးနွေးလိုက်တယ်။ အထူးသဖြင့် ရေလုပ်သားတွေကိစ္စဆိုရင်တော့ ခိုင်မာတဲ့ အထောက်အထားတွေနဲ့ ခိုင်မာတဲ့ အာမခံချက်တွေရမှ ကိုယ်တို့ဘက်က ဆက်လက်စေလွှတ်ပေးဖို့ G to G စေလွှတ်ပေးဖို့ စီစဉ်တာဖြစ်ပါတယ်။”
နှစ်နိုင်ငံ အစိုးရအချင်းချင်း ချိတ်ဆက်မှုနဲ့ တရားဝင်အလုပ်သမားတွေအဖြစ် စေလွှတ်တဲ့အတွက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ လုပ်ခလစာအပြည့်အဝ ရရှိမှာဖြစ်တဲ့အပြင်၊ အလုပ်ပိတ်ရက်နဲ့ အခြားအလုပ်သမား အခွင့်အရေးတွေကိုလည်း အပြည့်အဝ ရရှိမယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံအစိုးရအနေနဲ့ အစိုးရအချင်းချင်း ချိတ်ဆက်ပြီး ကိုရီးယားနိုင်ငံတခုတည်းသာ တရားဝင်အလုပ်သမား စေလွှတ်နိုင်သေးတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံနဲ့ ဂျပန်နိုင်ငံကိုတော့ အစိုးရအချင်းချင်း ချိတ်ဆက်စေလွှတ်နိုင်ဖို့ ညှိနှိုင်းမှုတွေ ပြုလုပ်နေဆဲဖြစ်ပါတယ်။