Home
မြန်မာသတင်း
အမြန်လမ်းမကြီးပေါ်တွင် ယာဉ်တိုက်မှုဖြစ်၊ ၄ ဦးဒဏ်ရာရ
DVB
·
June 28, 2017
ဖြူးမြို့နယ်၊ အမြန်လမ်းမကြီးရဲတပ်ဖွဲ့စခန်းအပိုင် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၁၈/၃ နဲ့ ၁၁၈/၄ အကြားတွင် ဒီနေ့ ဇွန် ၂၈ ရက်နေ့ မနက် ၅ နာရီလောက်က ယာဉ်နှစ်စီး တိုက်ခဲ့ပြီး ခရီးသည် ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖြူးမြို့နယ် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့စခန်းက ပြောပါတယ်။ နေပြည်တော်ဘက်က ရန်ကုန်ဘက်ကို မဟာအောင်မြေမြို့နယ်နေသူ ယာဉ်မောင်း သန့်ဇင်အောင် မောင်းနှင်လာတဲ့ HONDA FIT ကားဟာ အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၁၈/၄ အနီးအရောက်မှာ ယာဘက်ရှေ့ဘီးပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကို ကျော်တက်ပြီး တဖက်ယာဉ်ကြောက ရန်ကုန်ဘက်ကနေ နေပြည်တော်ဘက်ကို မောင်းနှင်လာတဲ့ အဖြူရောင် CALDINA မော်တော်ယာဉ်ကို တိုက်မိခဲ့တာပါ။ ဖြူးမြို့နယ် အမြန်းလမ်းမကြီး ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတဦးက “HONDA FIT ကားက နေပြည်တော်ဘက်က ရန်ကုန်ဘက်ကို လာတယ်။ ဘီးပေါက်ပြီးတော့ လမ်းလယ်ကျွန်းကို ကျော်ပြီး တဖက်ယာဉ်ကြောကို ရောက်လာတယ်။ အဲဒီမှာ CALDINA က ရန်ကုန်ကနေ နေပြည်တော်ကို သွားတယ်။ အဲဒီမှာ တိုက်မိတာပါ။ ဒဏ်ရာကတော့ ၄ ယောက် ရတယ်။ ဖြူးဆေးရုံကို ပို့ထားပါတယ်။ အသက်အန္တရာယ်တော့ စိုးရိမ်စရာမရှိပါဘူး”လို့ ပြောပါတယ်။ ယာဉ်တိုက်မှုကြောင့် HONDA FIT ယာဉ်ပေါ် လိုက်ပါလာသူ ၃ ဦးအနက်က ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး CALDINA ယာဉ်ပေါ် လိုက်ပါလာသူတွေထဲမှာ ၂ ဦး ဒဏ်ရာရှိခဲ့ကြပါတယ်။ ဒဏ်ရာရရှိသူတွေကို ဖြူးမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသနေရပြီး အသက်အန္တရာယ်တော့ စိုးရိမ်စရာမရှိဘူးလို့ ဖြူးမြို့နယ် အမြန်လမ်းမကြီးရဲတပ်ဖွဲ့စခန်းက ပြောပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ယာဉ်မဆင်မခြင်မောင်းနှင်သူ HONDA FIT ယာဉ်မောင်း သန့်ဇင်အောင်ကို ယာဉ်(ပ)၁၅/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈ အရ အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ ဖြူးမြို့နယ် အမြန်လမ်းမကြီးရဲတပ်ဖွဲ့စခန်းက ပြောပါတယ်။ သတင်း - ကျော်အောင် (ကညွတ်ကွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024