စစ်တွေတွင် စက်လှေနစ်မြုပ်၊ တဦးပျောက်ဆုံးနေ
DVB
·
June 28, 2017
စစ်တွေမြို့နယ်မှာ ခရီးသည် ၂၁ ဦးစီးနင်းလိုက်ပါလာတဲ့ စက်လှေတစီး ဇီးကိုင်းကျေးရွာ ဖက်ကမ်းကို ဖြတ်အကူးမှာ နစ်မြုပ်ခဲ့ရာ ၁ ဦး ပျောက်ဆုံးနေပါတယ်။
ဇွန် ၂၇ ရက်နေ့ မနက်ပိုင်းက ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ပါဒလိတ်-မိုးစဲကျွန်းမှာ ခရီးသည် ၂၁ ဦးတင်ဆောင်လာတဲ့ စက်လှေတစီးနစ်မြုပ်ခဲ့လို့ ၁ ဦးပျောက်ဆုံးနေတာပါ။
ဒီကနေ့ မနက်အထိ ပျောက်ဆုံး နေသူတဦးကိုရှာဖွေပေမယ့် မတွေ့ရှိသေးဘူးလို့ ပါဒလိတ် အုပ်ချုပ်ရေးမှူး ဦးမောင်ထွန်းဝင်းက ဒီဗွီဘီကို ပြောပါတယ်။“ပျောက်ဆုံးနေတဲ့ တဦးကို မနေ့ညက တညလုံးရော အခုဒီမနက်အချိန်အထိရှာဖွေနေတယ်။ အားလုံး ပူးပေါင်းပြီး လိုက်လံရှာဖွေနေကြပါတယ်ခင်ဗျ။ လုံးဝရှာမတွေ့ သေးဘူး။ စက်လှေနစ် မြုပ်မှုဖြစ်ပွားတာက မနေ့မနက်ပိုင်းမှာနစ်တာပါ။”
စက်လှေနစ်မြုပ်မှုကြောင့် ပျောက်ဆုံးနေတဲ့သူကတော့ ဧရာဝတီတိုင်း၊ မြောင်းမြမြို့က ကိုကျော်သူရ ဖြစ်ပြီး ရသေ့တောင်မြို့နယ် ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ လာရောက် အလုပ် လုပ်ကိုင်နေသူတဦးဖြစ်တယ်လို့ သိရပါတယ်။
အုပ်ချုပ်ရေးမှူးက “စက်လှေမှာတင်ဆောင်လာတာက ခရီးသည်တွေက နည်းနည်းများတယ်။ စက်လှေက သေးသေးလေးပါ။ ကူးတိုးစက်လှေ အကြီးမဟုတ်ဘူး။ ကြားစက်လှေကို ငှားတာ။ ဟိုဖက်ကရောက်နီးပါးမှာ လှိုင်းက နည်းနည်းထန်လာတယ်လို့ ပြောတယ်။ အဲ့ဒီမှာခရီး သည်တွေကကြောက်ကြောက်နဲ့ရုန်းလိုက်ကြတာလို့ပြောတယ်။ အဲ့ဒီမှာစက်လှေမှာ ခရီးသည်၂၁ ဦးပါတယ်။ ခရီးသည်တွေကို စစ်တွေဆေးရရုံမှာ ဆေးကုသမှုခံယူထားပါတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။
စက်လှေနစ်မြုပ်မှုကြောင့် သတိလစ်နေတဲ့အမျိုးသမီး ၃ ဦးကို စစ်တွေဆေးရုံကို ပို့ဆောင်ခဲ့ပြီး ဒီမနက်ပိုင်းမှာ သက်သာသွားလို့ ဆေးရုံကဆင်းသွားတယ်လို့ အုပ်ချုပ်ရေးမှူးက ဆက်လက်ပြော ပါတယ်။
စက်လှေမောင်းသူဦးမောင်သာကျော်ကို ရသေ့တောင်မြို့မရဲစခန်းက အရေးယူနိုင်ရေးအမှုဖွင့် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း-ဝဏ္ဏခွာညို၊ ဓာတ်ပုံ-ဖိုးဖိုးသား