ကားနှင့်ဆိုင်ကယ် တိုက်မိ၊ ၃ ဦး သေဆုံး
DVB
·
June 22, 2017
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ဘိုကျေးရွာ၊ ဥသျှစ်ကုန်းပိုင်း၊ ရန်ကုန် မော်လမြိုင်ကားလမ်းပေါ်မှာ ဇွန် ၂၁ ရက်နေ့ မွန်းလွဲပိုင်းက ကားနဲ့ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်စီးလာသူ ၃ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။
ဖြစ်စဉ်မှာ သထုံကနေ ဘီးလင်းကို ရှိန်းထက်အောင် မောင်းနှင်ပြီးဆိုင်ကယ်နောက်က ဖိုးသော်သော် နဲ့ ဇင်မင်းဦး(ခ)ကြွက်ဖြူ တို့လိုက်ပါလာတဲ့ ဆိုင်ကယ်ဟာ ရန်ကုန်-မော်လမြိုင် ကားလမ်း မိုင်တိုင်အမှတ် (၁၄၂/၀) နဲ့ (၁၄၂/၁)အကြားအရောက်မှာ ရှေ့ကသွားနေတဲ့ သုံးဘီးယာဉ်ကို ကျော်တက်စဉ် ယာဉ်မောင်း ဝေယံခရစ် မောင်းနှင်လာတဲ့ယာဉ်နဲ့ တိုက်မိခဲ့ခြင်းဖြစ်တယ်လို့ ရဲစခန်းက ပြောပါတယ်။
သထုံမြို့နယ်ရဲတပ်ဖွဲ့ရုံး တာဝန်ရှိသူတဦးက “ဘီးလင်းဘက်ကလာတဲ့ကားကလည်း အရှိန်ပါတယ်။ ဆိုင်ကယ်ကလည်း ရှေ့ကသွားနေတဲ့ သုံးဘီးကိုကျော်တက်ပြီး ကားနဲ့ဆိုင်ကယ် လမ်းလယ်မှာ တိုက်ကြတာ။ တိုက်တဲ့အရှိန်ကြောင့် ဆိုင်ကယ်ပေါ်မှာပါတဲ့ ၃ ဦးလုံးက ဖြစ်တဲ့နေရာမှာပဲ သေသွားတယ်” လို့ ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ပေါ်မှာလိုက်ပါလာတဲ့ ရှိန်းထက်အောင်၊ ဖိုးသော်သော်နဲ့ ဇင်မင်းဦး(ခ) ကြွက်ဖြူ တို့သုံးဦးလုံး အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။
သိမ်ဇရပ်နယ်မြေရဲစခန်းက ယာဉ်မဆင်မခြင်မောင်းနှင်သူ ဝေယံခရစ် နဲ့ရှိန်းထက်အောင် တို့ ၂ ဦးကို ရာဇသတ်ကြီးပုဒ်မ-၃၀၄ (က) နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
သတင်း - ယူမင်းစိုး