လွတ်ငြိမ်းခွင့်ဖြင့် လွတ်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၉ ဦးကို လွှဲပြောင်းပေးအပ်
DVB
·
June 16, 2017
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၉ ဥိးကို မောင်တောခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်(BGB)ကို ဇွန် ၁၅ ရက်နေ့ နေ့လယ်ပိုင်းက တောင်ပြိုမြို့မှာ လွှဲပြောင်းပေးခဲ့ပါတယ်။
တရားမ၀င် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုကြောင့် အရေးယူ ပြစ်ဒဏ်ချမှတ်ခံထားရသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၉ ဦးကို တောင်ပြိုလက်ဝဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမမှာ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ တောင်ပြိုမြို့ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက ပြောပါတယ်။
“မွန်းလွဲ ၁ နာရီ ခွဲက လွှဲပြောင်းခဲ့တာပါ။ စုစုပေါင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အမျိုးသား ၁၉ ဦးပါ”လို့ အုပ်ချုပ်ရေးမှူး ဦးသန်းအောင်က ဒီဗွီဘီကို ပြောပါတယ်။
ဒီနေ့လွဲပြောင်းပေးခဲ့တဲ့သူတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အသက် ၂၂ နှစ်နဲ့ ၅၇ နှစ်ကြား အမျိုးသားတွေ ဖြစ်ပြီး တရားမဝင် နိုင်ငံဖြတ်ကျော်မှုနဲ့ အရေးယူခံရသူတွေ ဖြစ်ကြပါတယ်။
၂၁ ရာစုပင်လုံကို ကြိုဆိုတဲ့ အထိမ်းအမှတ်အနေနဲ့ မေ ၂၄ ရက်နေ့ မနက်ပိုင်းက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာသူ ရခိုင်ပြည်နယ်မှာ နိုင်ငံသားအကျဉ်းသား ၆၂ ဦးနဲ့ နိုင်ငံခြားသားအကျဉ်းသား ၃၂ ဦး စုစုပေါင်း ၉၄ ဦး လွတ်မြောက်ခဲ့ပြီး အဲဒီအထဲက နှစ်နိုင်ငံဆက်သွယ် အတည်ပြုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို လွှဲပြောင်းပေးခဲ့တာလို့ သိရပါတယ်။
သတင်း-ကိုအောင်၊ ဓာတ်ပုံ- ဆြာမြင့်ခိုင်