Home
မြန်မာသတင်း
ကျူးကျော်နေထိုင်သူများကြောင့် ကျိုင်းတုံရှေးဟောင်းမြို့ရိုး ပျက်စီး
DVB
·
June 15, 2017
ထိန်းသိမ်းမှုမရှိပါက လာမယ့်နှစ်အနည်းငယ်အတွင်း ကျိုင်းတုံ ရှေးမြို့ရိုးဟောင်းတွေ ပျောက်ကွယ်နိုင်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ မြို့နယ်ဥက္ကဋ္ဌ ဦးစိုင်းရွက်ဟောင်က ပြောပါတယ်။ ရှေးဟောင်းအမွေအနှစ် မြို့ရိုးအနီးမှာ ကျူးကျော်နေထိုင်သူတွေရဲ့ နေအိမ် အခိုင်အမာ တည်ဆောက်ထားမှု၊ မွေးမြူရေးခြံတွေကြောင့် မြို့ရိုးပျက်စီးမှုတွေ ဖြစ်နေတာပါ။ “ရှေးဟောင်းမြို့ရိုးမြေတောင် ရောင်းဝယ်နေကြတယ်။ ပြီးရင် ခြံခတ်ပြီး သူအပိုင်၊ ငါအပိုင် လုပ်နေကြတာ။ အခြေအနေက တော်တော်ဆိုးနေပြီ။ ထိန်းသိမ်းမှုမရှိရင် နောက် ၅ နှစ်ဆို မြို့ရိုးတွေ မရှိနိုင်တော့ဘူး” လို့ ဦးစိုင်းရွက်ဟောင်က ပြောတယ်။ မြေသားမြို့ရိုး နေရာတချို့မှာ မြေဂရမ်အမည်ပေါက် ပိုင်ဆိုင်ထားပြီး နေအိမ်တွေ အခိုင်အမာ တည်ဆောက်ထားတာကြောင့် ထိန်းသိမ်းရာမှာ ခက်ခဲတယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီတာအောင်က ပြောပါတယ်။ “မြို့ရိုးမြေဧရိယာ ထိန်းသိမ်းတာကို ကျမတို့ဌာနတခုတည်း လုပ်လို့မရပါဘူး။ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးကလည်း ပါဝင်ဆောင်ရွက်ပေးဖို့ လိုပါတယ်” လို့ ဒေါ်သီတာအောင်က ပြောတယ်။ မေလ ၃၁ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ရာမှာ ဒေါ်သီတာအောင်က ဇွန်လအတွင်း ကျူးကျော်နေအိမ်တွေကို ဖယ်ရှားသွားမယ်လို့ ပြောဆိုခဲ့ပြီး ၂၀၁၂ ခုနှစ်က ကျိုင်းတုံမြို့မှာ ကျူးကျော်စာရင်းကောက်ခဲ့ပြီးနောက်ပိုင်း မြို့ရိုးအနီး ကျူးကျော်သုံးအိမ်နဲ့ မွေးမြူရေးခြံတခြံ တိုးလာတဲ့အတွက် ဖျက်သိမ်းပေးဖို့ ပြောထားတယ်လို့ ဆက်ပြောပါတယ်။ ကျိုင်းတုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင်မြင့်က ကျူးကျော်တွေနဲ့ ပတ်သက်ပြီး လွှတ်တော်အမတ်တွေ၊ မြို့မိမြို့ဖ အကြီးအကဲတွေနဲ့ ဘယ်လိုထိန်းသိမ်းရမလဲ ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။ သတင်း - သားသား
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024