ပျက်ကျလေယာဉ်မှ ၄၆ လောင်းဆယ်ယူရရှိပြီ၊ စစ်ရေယာဉ်များဖြင့် ဆက်လက်ရှာဖွေ (ရုပ်သံ)
DVB
·
June 11, 2017
ပျက်ကျခဲ့တဲ့ တပ်မတော် ပို့ဆောင်ရေးလေယာဉ်က ရုပ်အလောင်း ၁၃ လောင်းကို ဒီနေ့ ထပ်မံဆယ်ယူရရှိခဲ့ပြီး စုစုပေါင်း ၄၆ လောင်း ရရှိထားပြီလို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။
လူပေါင်း ၁၂၂ ယောက် လိုက်ပါခဲ့တဲ့ Y-8 လေယာဉ်ဟာ ဇွန် ၇ ရက်နေ့က မြိတ်ကနေ ရန်ကုန်ကို ပျံသန်းရင်း ပျက်ကျခဲ့တာပါ။
လေယာဉ်ပျက်နဲ့ ပတ်သက်ပြီးတော့ လေယာဉ်ဘီး နှစ်လုံးကိုပဲ ဆယ်ယူရရှိထားပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ လေယာဉ်ပျက်ရဲ့ အထောက်အထားတချို့ ရရှိထားပြီး မကြာခင် ရှာဖွေတွေ့နိုင်မယ်လို့ မျှော်လင့်စကား ပြောပါတယ်။
ဒီလေယာဉ် ပျက်ကျခဲ့မှုဟာ တပ်မတော်သမိုင်းမှာ အဆိုးဝါးဆုံး ပျက်စီးရှုံးဆုံးမှုလို့လည်း ဆိုပါတယ်။
ဒါ့အပြင် လေယာဉ်ပျက်ကျခဲ့တဲ့ နေရာတစ်ဝိုက်မှာ ရာသီဥတုကောင်းမွန်လာတဲ့အတွက် တပ်မတော် (ရေ)မှ စစ်ရေယာဉ်တွေ၊ တပ်မတော် (လေ) မှ လေယာဉ်၊ ရဟတ်ယာဉ်တွေ၊ မြေပြင်တပ်တွေ၊ ဒေသခံပြည်သူတွေ၊ ငါးဖမ်းစက်လှေတွေပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။