ငြိမ်းချမ်းရေးပြဇာတ် တိုက်ရိုက်လွှင့်တင်ခဲ့သူကို တပ်မတော်က ၆၆(ဃ) ဖြင့် အမှုဖွင့်
သော်ဇင်မျိုး
·
June 5, 2017
ငြိမ်းချမ်းရေးပြဇာတ်ကို ဖေ့စ်ဘွတ်ခ်ပေါ် တိုက်ရိုက်လွှင့်တင်ခဲ့လို့ဆိုပြီး ပုသိမ်မြို့က တက်ကြွလှုပ်ရှားသူ ဦးထွန်းထွန်းဦးကို တပ်မတော်က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲပြီး ပုသိမ်မြို့မရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်က ပုသိမ်မြို့ ပုသိမ်ဟိုတယ် ပတ္တမြားခန်းမမှာ ကျင်းပတဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ ကျောင်းသားတွေက ငြိမ်းချမ်းရေးပြဇာတ်ကို ကပြခဲ့ပြီး ပုသိမ်မြို့က တက်ကြွလှုပ်ရှားသူ ဦးထွန်းထွန်းဦးက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ တိုက်ရိုက်ဗွီဒီယို Live လွှင့်တင်ခဲ့တာပါ။
အဲဒီပြဇာတ်ကပြရာမှာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာ ကျဆင်းစေတဲ့ စကားလုံးတွေ ပါဝင်လို့ ဆိုပြီး တပ်မတော်က ပြဇာတ်ကပြတဲ့ ကျောင်းသား ၉ ဦးကို ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆိုခဲ့သလို အခုအခါမှာလည်း တိုက်ရိုက်ဗွီဒီယို လွှင့်တင်ခဲ့တဲ့ ဦးထွန်းထွန်းဦးကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့်လိုက်တာပါ။
ဦးထွန်းထွန်းဦးကိုတော့ မနေ့ ဇွန်လ ၄ ရက်နေ့က မြို့မရဲစခန်းမှာ ဖမ်းဆီး ထိန်းသိမ်းထားပြီး ဒီကနေ့မှာတော့ ပုသိမ်မြို့နယ်တရားရုံးကို တရားစွဲဆို တင်ပို့နိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဦးထွန်းထွန်းဟာ ပုသိမ်မြို့မှာ လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်သူများအဖွဲ့ HRAA ကို ဖွဲ့စည်းပြီး လယ်ယာမြေအရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေကို လှုပ်ရှား ဆောင်ရွက်နေသူ ဖြစ်ပါတယ်။