လုပ်ငန်းသုံးပစ္စည်း အမှိုက်များကို စည်ပင်က သိမ်းပေးရန်မရှိဟု ကလေးမြို့စည်ပင်ဥက္ကဋ္ဌပြော
DVB
·
June 5, 2017
စည်ပင်သာယာအနေနဲ့ မီးဖိုချောင်းသုံးအမှိုက်ကိုသာ ထိန်းသိမ်းပေးရမှာ ဖြစ်ပြီး လုပ်ငန်းသုံးရာကနေ ထွက်လာတဲ့ လုပ်ငန်းသုံး အမှိုက်တွေကို စည်ပင်သာယာအနေနဲ့ သိမ်းပေးဖို့ မလိုအပ်ဘူးလို့ ကလေးမြို့ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသောင်းရွှေက ပြောပါတယ်။
“စည်ပင်က သိမ်းရမယ့်အမှိုက်သည် မီးဖိုချောင်သုံး အမှိုက်။ အခုတော့ ကျနော်တို့က ပေါ်လာတဲ့ အိမ်ထဲမှာရှိတဲ့ ပေါင်းထိုးထားတဲ့၊ မြက်တွေ၊ သစ်ကိုင်းတွေ၊ သစ်ရွက်ခြောက်တွေ အကုန်လုံး ကျနော်တို့က လိုက်ပြီးတော့ သိမ်းပေးနေရတယ်။ နောက်တခု။ လုပ်ငန်းသုံးပစ္စည်း ဆိုတာက တချို့ ဘီယာဆိုင် ဂျပ်ဖာတွေ။ တချို့လုပ်ငန်းသုံးပစ္စည်း မှန်ကွဲတွေ ဒါတွေလည်း ကျွန်တော်တို့က သိမ်းပေးနေတယ်။ အမှန်တော့ ကျနော်တို့က အဲ့ဒါတွေ သိမ်းစရာ မလိုဘူး” လို့ ဦးသောင်းရွှေက ဆက်ပြီးပြောပါတယ်။
ကလေးမြို့ စည်ပင်သာယာရေးကော်မတီအနေနဲ့ ယခင်က အမှိုက်သိမ်းယာဉ် ၄ စီးသာ ရှိခဲ့တာကြောင့် အမှိုက်သိမ်းစနစ်ကို ခက်ခက်ခဲခဲ ဆောင်ရွက်ခဲ့ရပြီး ယခုမှာတော့ အမှိုက်သိမ်းယာဉ် ၈ စီးထိ ရှိနေပြီမို့ လည်ပတ်မှုနှုန်း အတော်အတင့် ဆောင်ရွက်နိုင်နေတာကို တွေ့ရပါတယ်။
ဆက်လက်ပြီး လုပ်ငန်းသုံး အမှိုက်တွေနဲ့ပတ်သက်ပြီး ဦးသောင်းရွှေက “လုပ်ငန်းသုံး အမှိုက်တွေ ကျနော်တို့က သိမ်းစရာမလိုဘူးဆိုတာက အဲလို အမှိုက်ဆိုရင် ကျနော်တို့ဆီကို သူတို့က ပြန်ပြီး အကူအညီတောင်းရမယ်။ ဒီလို ဒီလို ကျနော်တို့မှာ လုပ်ငန်းသုံး အမှိုက်တွေ များနေပါတယ်။ အဲဒီအတွက် လာသိမ်းပေးပါဆိုရင် ကျနော်တို့က တန်ရာတန်ကြေးယူပြီး သိမ်းပေးပါတယ်။ ကျနော်တို့ ဆိုင်တာသည် မီးဖိုချောင်သုံး အမှိုက်သာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ကလေးမြို့ စည်ပင်သာယာရေးကော်မတီအနေနဲ့ ကလေးမြို့ပေါ် ချောင်းမြောင်းများကို အခြားဌာနတွေနဲ့ ပူးပေါင်းပြီး ရှင်းလင်းဆောင်ရွက်နေတာကို တွေ့ရပြီး လုပ်ငန်းသုံး အမှိုက်တွေ စနစ်တကျ စွန့်ပစ်ရေးကိုလည်း ပညာပေးနှစ်သတ်မှတ် လုပ်ဆောင်သွားမည်ဖြစ်ကာ ပညာပေးနှစ် ကျော်လွန်လာပါက အခွန်ကောက်ခံ လုပ်ဆောင်သွားတော့မှာ ဖြစ်တယ်လို့လည်း စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌက ဆိုပါတယ်။
လက်ရှိမှာတော့ ကလေးဒေသ အမှိုက်တွေကို စည်ပင်သာယာရေးကော်မတီအနေနဲ့ ကလေးအနောက်ဘက် ဆည်ကြီးချောင်းအနီးမှာ မြေ(၅) ဧက ဝယ်ယူ စွန့်ပစ်နေပြီး အမှိုက်ဖျက်စီးစနစ် အကောင်းဆုံးဖြစ်စေတဲ့ နည်းကို ရှာဖွေနေဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။
သတင်း - မင်းရဲစစ်နိုင်