ပေါင်မြို့တွင် လူတဦး ရထားကြိတ်သေဆုံး
DVB
·
May 26, 2017
မွန်ပြည်နယ်၊ ပေါင်မြို့၊ ကဒါရပ်ကွက်၊ ဘုရားကြီးလမ်းထိပ်၊ ရထားလမ်းဘေးမှာ မေ ၂၆ ရက်နေ့ မနက် ၆ နာရီခွဲလောက်က လူတဦး ရထားကြိတ် သေဆုံးခဲ့မှု ဖြစ်ပွားခဲ့တယ်လို့ ရဲစခန်း တာဝန်ရှိသူက ပြောပါတယ်။
ဖြစ်စဉ်မှာ ပေါင်မြို့၊ ကဒါရပ်ကွက်၊ ဘုရားကြီးလမ်းထိပ်၊ စည်ပင်သာယာဈေးအနီးရှိ ရထားလမ်းမိုင်တိုင်အမှတ်(၁၅၉/၁၄) နဲ့ (၁၅၉/၁၅) အကြားမှာ ပေါင်ဘူတာကနေ မော်လမြိုင်ဘူတာကို ဒီနေ့မနက်ပိုင်းက ဦးသန်းနိုင်ထွန်း မောင်းနှင်လာတဲ့ ၃၅ အဆန်၊ ရန်ကုန်-မော်လမြိုင် လူစီးအမြန်ရထား၊ စက်ခေါင်းအမှတ် DF 1329၊ ရထားနဲ့ တိုက်မိလို့ ကို ၀င်းနိုင် (၃၇) နှစ် သေဆုံးခဲ့တာ ဖြစ်ပါတယ်။
"သေဆုံးသူရဲ့ ကျောပိုးအိတ်ထဲမှာ တွေ့တဲ့ ဖုန်းနံပါတ်ကို ဆက်မေးကြည့်တော့ ဒီလူက မိန်းမနဲ့ကွဲပြီး လမ်းမှာ လျှောက်သွားနေတယ်လို့ သိရပါတယ်။ အရက်လည်း အလွန်အကျွံသောက်လို့ ကျန်းမာရေးလည်း မကောင်းဘူးလို့ သူနဲ့ ဆွေမျိုးတော်စပ်သူတဦးဆီက သိရပါတယ်" လို့ ရဲအုပ်တင်ညွန့်က ပြောပါတယ်။
ကိုဝင်းနိုင် သေဆုံးမှုနဲ့ပတ်သက်လို့ ပေါင်မြို့မရဲခန်းက သေမှုသေခင်း နှစ်စဉ်အမှတ်-၂၃/၂၀၁၇ အရ အမှုဖွင့်ထားတယ်လို့ ရဲမှတ်တမ်းများအရ သိရပါတယ်။
သတင်း - ယူမင်းစိုး