Home
မြန်မာသတင်း
ရှမ်းတပ်နှင့် တိုက်ပွဲများရပ်တန့်ရေး ဆွေးနွေးရန်အသင့်ရှိဟု တအာင်းတပ်ပြော
DVB
·
May 25, 2017
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လက်ရှိဖြစ်ပွားနေတဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (တီအန်အယ်လ်အေ) နဲ့ ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေး ကောင်စီ (အာစီအက်စ်အက်စ်) တို့ကြား တိုက်ပွဲတွေရပ်တန့်နိုင်ဖို့ လုံခြုံရေးအရ အဆင်ပြေတဲ့နေရာမှာ ဆွေးနွေးဖို့ အဆင်သင့်ရှိနေကြောင်း တီအန်အယ်လ်အေက ပြောပါတယ်။ တီအန်အယ်လ်အေ ပြန်ကြားရေးမှူး တာအိုက်ကျော်က “တွေ့ဆုံညှိနှိုင်းဖို့ ပြီးခဲ့တဲ့နှစ်ကတည်းက ပြောတယ်။ သူတို့က တွေ့ဆုံဖို့ ရှောင်လွဲနေတယ်။ တရုတ်ပြည်၊ ပန်ဆန်း၊ မိုင်းလား တနေနေရာမှာ တွေ့ဖို့အစဉ်သင့်ရှိတယ်။ သူတို့ကလည်း ဒီချင်းမိုင်မှာပဲ အဆင်ပြေနေတယ်။ ချင်းမိုင်ကျတော့ ကျနော်တို့က အန်စီအေ လက်မှတ်မထိုးထားတော့ လုံခြုံရေးမှာ အခက်အခဲရှိတယ်။ တွေ့ဖို့ နေရာအဆင်ပြေရင်တော့ တွေ့ဖို့အဆင့်သင့်ပဲ" လို့ သူကပြောပါတယ်။ တအာင်းအမျိုးသားပါတီ (တီအန်ပီ)က ပြီးခဲ့တဲ့ ၂၀၁၆ နိုဝင်ဘာမှာ အာစီအက်စ်အက်စ်နဲ့ ကြားဝင်ညှိနှိုင်းခဲ့ကြောင်း မီဒီယာတွေမှာ ဖော်ပြထားပေမယ့် ရှမ်းပြည်တောင်ပိုင်းရှိ စာသင်ကျောင်းကိစ္စရပ်တွေကိုသာ ဆွေနွေးတာဖြစ်ပြီး တီအန်အယ်လ်အေ နဲ့ အာစီအက်စ်အက်စ် တို့ရဲ့ ပြဿနာကို ကြားဝင်ဖြေရှင်းခြင်း မဟုတ်ကြောင်း တာအိုက်ကျော်က ဆက်ပြောပါတယ်။ “ချင်းမိုင်မှာသွားတုန်းက တွေ့တုန်းက တီအန်ပီက ဒီတောင်ပိုင်းမှာ ကျောင်းဖွင့်ဖို့ကိစ္စနဲ့ သွားတာ။ မီဒီယာမှာတော့ တီအန်ပီက ကြားဝင်ဖြေရှင်းပေးသလိုဖြစ်နေတယ်။” တိုက်ပွဲတွေ ရပ်တန့်နိုင်ရေးအတွက် တဖွဲ့နဲ့တဖွဲ့ အလွတ်သဘောတွေ့ဆုံမှု ပိုမိုလိုအပ်နေကြောင်း ပြည်ထောင်စု အင်စတီကျူ မန်နေဂျင်းဒါရိုက်တာ အာစီအက်စ်အက်စ် အကြံပေး ဦးခွန်စိုင်းက ပြောပါတယ်။ “ခု တီအန်အယ်လ်အေနဲ့ တွေ့ဆုံညှိနှိုင်းဖို့ မရှိသေးဘူး။ ဒါပေမယ့် ရှိလာမယ်လို့ မျော်လင့်ထားတယ်။ ဒါကို သေချာကြည့်ရင် အချင်းချင်းနားမလည်မှုကိစ္စတွေဖြစ်တယ်။ နှစ်ဖက်စလုံးတွေ့ဆုံ ဖြေရှင်းနိုင်မယ်ဆိုရင် ဒီပြဿနာက ပြေလည်သွားမှာပါ။ ပဏာမတွေ့ဆုံပြီးတော့ပြောမယ်။ တွေ့တယ်ဆိုတာလည်း တရားဝင်လုပ်စရာမလိုဘူး။ အလွတ်သဘောများများတွေ့ဆုံဖို့လိုအပ်တယ်။ အဲလိုတွေ့ဆုံမှုတွေ မကြာခဏလုပ်ရင် အဆင်ပြေသွားမယ်လို့မြင်တယ်။” တီအန်အယ်လ်အေ နဲ့ အာစီအက်စ်အက်စ် တို့အကြား ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ရှမ်းနှင့်တအာင်း အတူနေတဲ့ မြို့ရွာတွေမှာ အချင်းချင်း သံသယဝင်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြသည်။ “တီအန်အယ်လ်အေ နဲ့ အာစီအက်စ်အက်စ် စစ်ပွဲကြောင့် ရှမ်းနဲ့တအာင်း တူတူနေတဲ့မြို့၊ ကျေးရွာဆိုရင် အနေအထိုင်က ခက်လာတယ်။ ယုံကြည်မှုတွေကင်းပြီးတော့ သံသယတွေလည်း ရှိလာကြတယ်။ လက်ရှိအခြေအနေတော့ ငြိမ်နေတယ်။ ဒါပေမယ့် တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုတွေ ကင်းမဲ့နေကြတယ်။ တအာင်းကောင်လေးတွေကိုလည်း တီအန်အယ်လ်အေ လို့ ထင်လာတယ်။ ရှမ်းလည်း တူတူပဲ။ ဒါက ရေရှည်မှာ ပိုဆိုးလာနိုင်တယ်” လို့ နမ့်ခမ်းမြို့ဒေသခံ နော်ဟိန်းက ပြောတယ်။ တီအန်အယ်လ်အေ နဲ့ အာစီအက်စ်အက်စ် တို့ကြား ၂၀၁၅ နိုင်ဝင်ဘာလမှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ တိုက်ပွဲပေါင်း ၁၁၆ ကြိမ်အထိ ရှိလာခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ တီအန်အယ်လ်အေ နဲ့ အာစီအက်စ်အက်စ် တို့ကြား ပြီးခဲ့တဲ့ မေ ၁၃ ရက်နေ့က ကျောက်မဲမှာ ထိတွေ့မှုတွေ ဖြစ်ပွားခဲ့ပြီး ဒေသခံ ၂၀၀ နီးပါး ကျောက်မဲမြို့ထဲ ထွက်ပြေးခိုလှုံနေရပါတယ်။ အလားတူ နမ္မတူမြို့နယ်မှာလည်း တိုက်ပွဲပြန်ဖြစ်မှာကို စိုးရိမ်ပြီး အနီးနားကျေးရွာတွေက ဒေသခံ ၁၄၀၀ ကျော်ဟာ မြို့ထဲ ထွက်ပြေးလာကြောင်း နမ္မတူစစ်ဘေးရှောင် စခန်းတာဝန်ခံထံမှ သိရပါတယ်။ နိုင်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024