ရေပူဂိတ်တွင် တရားမဝင်ကျောက်စိမ်းအရိုင်းတုံးများ ဖမ်းမိ
DVB
·
May 21, 2017
ရှမ်းမြောက် လားရှိုး-သိန္နီကြားရှိ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှာ မေလ၂၀ ရက်နေ့က ကျောက်စိမ်းအရိုင်းတုံးတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ရေပူအကောက်ခွန် ဒုညွန်ကြားရေးမှူးက ပြောပါတယ်။
ရေပူ အကောက်ခွန် ဒုညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင်က “မနေ့ကတော့ ကျောက်စိမ်းတုံးရော၊ တရားမဝင် စားသောက်ကုန်တွေရော ဖမ်းမိတယ်။ ကျောက်စိမ်း ဖမ်းမိတာက ညနေ ၃ နာရီလောက်မှာ။ ကားကတော့ အိမ်စီးကား သူ့က ခရီးသည်ကိုရော အယောင်အဆောင်လုပ်ပြီး သယ်လာတယ်။ သတင်းရတော့ သွားစစ်ပြီးတော့ ဖမ်းရမိတာပဲ။"လို့ ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ ကျောက်စိမ်းရိုင်းတွေအလေးချိန်မှာ ၆၃၀ ကီလိုဂရမ်ရှိကြောင်း သိရပါတယ်။
လက်ရှိတွင် ဖမ်းဆီးရမိတဲ့ ကျောက်စိမ်းတုံးတွေကို အကောက်ခွန်ဌာနသို့ ပို့ဆောင်ထားပြီး ကားသမားကိုလည်း သိန္နီရဲစခန်းတွင် အပ်နှံထားကြောင်း သိရပါတယ်။
ရေပူတွင် အများဆုံးဖမ်းဆိးရမိတဲ့ ပစ္စည်းမှာ သစ်နဲ့ ကျောက်စိမ်းတုံးတွေဖြစ်ပြီး ဇန်နဝါရီ ၁၆ ရက်နေ့ ၄ လပိုင်း အကုန်ထိ ဖမ်းဆီးရမိတဲ့ ပျမ်းမျှပစ္စည်းတန်ဖိုး သိန်းပေါင်း ၄ သောင်းကျော်ပြီလို့ သိရပါတယ်။
နိုင်နိုင်