Homeမြန်မာသတင်း
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖိလစ်ပိုင်၌ ကျင်းပသည့် အာဆီယံ ကာချုပ်များ အစည်းအဝေးတက်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖိလစ်ပိုင်၌ ကျင်းပသည့် အာဆီယံ ကာချုပ်များ အစည်းအဝေးတက်
DVB
·
May 17, 2017
မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ၁၄ ကြိမ်မြောက် အာဆီယံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေးကို တက်ရောက်ဖို့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ရောက်ရှိနေပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့အတူ ဇနီးဒေါ်ကြူကြူလှနဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံးက တပ်မတော်အရာရှိကြီးတွေ အဖွဲ့ဝင်အဖြစ် လိုက်ပါသွားကြပြီး အစည်းအဝေးကာလအတွင်း အာဆီယံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တွေနဲ့ နှစ်နိုင်ငံ သီးခြားစီတွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့ ရှိတယ်လို့လည်း ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။
အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေးကို မနီလာမြို့မှာ မေ ၁၇ ရက်မှ ၁၉ ရက်အထိ ကျင်းပတာဖြစ်ပြီး တကမ္ဘာလုံးမှာ ကြုံတွေ့နေရတဲ့ ခေတ်သစ်လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုအခက်အခဲတွေ၊ ပင်လယ်ဓားပြနဲ့ အကြမ်းဖက်ခြိမ်းခြောက်မှု ပြသနာတွေကို အတွေ့အကြုံဖလှယ် ပူးပေါင်းဖြေရှင်းဖို့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
ဒါ့အပြင် အာဆီယံနိုင်ငံတွေက တပ်မတော်အကြီးအကဲတွေအနေနဲ့ ရေကြောင်းလုံခြုံရေး၊ လူသားချင်းစာနာမှုအကူအညီပေးရေးနဲ့ သဘာဝဘေးတုံ့ပြန်ရေး၊ အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေး၊ ကူးစက်ရောဂါစီမံခန့်ခွဲရေးနဲ့ ငြိမ်းချမ်းရေး ထိမ်းသိမ်းဖို့ ကိစ္စတွေလည်း ဆွေးနွေးကြဖို့ ရှိနေပါတယ်။
ဓာတ်ပုံ- ကာကွယ်ရေးဦးစီးချုပ်ရုံး