အိပ်နေသည့် ကျောင်းဆရာမလည်ပင်းက ဆွဲကြိုးဖြတ်ခိုးသူ ၃ ဦးကို နာရီပိုင်းတွင်း ဖမ်းမိ
Aung Ko Latt
·
May 10, 2017
မုံရွာမြို့ ချမ်းမြဝတီရပ်ကွက်ရှိ အမျိုးသမီးအဆောင်မှာ မုံရွာပညာရေးကောလိပ် အလယ်တန်း အဆင့် စာပေးစာယူသင်တန်းတက်ရောက်ဖို့ ခေတ္တလာရောက်တည်းခိုနေတဲ့ အလယ်တန်းပြ ဆရာမတစ်ဦးထံက အိပ်နေစဉ် လည်ပင်းမှာ ဆွဲထားတဲ့ ဆွဲကြိုးဖြတ်ခိုးခံရမှု မေလ ၉ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။
သင်တန်းလာတက်တဲ့ ဆားလင်းကြီးမြို့နယ်၊ အထက ကံကုန်းမှ အလယ်တန်းပြဆရာမနဲ့ သူငယ်ချင်းဖြစ်သူ ဆရာမတစ်ဦးတို့ ညအိပ်နေစဉ် ပူအိုက်တဲ့အတွက် ခေါင်းရင်းပြတင်းပေါက်အားဖွင့်ပြီး အိပ်ကြရာ အမည်မသိလူတစ်ဦးက အိမ်အပြင်ဖက် ခေါင်းရင်း ကနေ လာရောက်ပြီး လည်ပင်းမှာဆွဲထားတဲ့ ကာလတန်ဖိုး ကျပ်သိန်း ၂၀ ခန့်ရှိ အခေါက်ရွှေ ၂ ကျပ်သားကျော် ဆွဲကြိုးကို ဖြတ်ခိုးယူသွားခဲ့တာပါ။
ခိုးယူခံရမှုနဲ့ ပတ်သက်ပြီး မုံရွာမြို့ နယ်မြေရဲစခန်းကို သွားရောက်အမှုဖွင့်တိုင်ကြားခဲ့တဲ့အတွက် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဇော်မျိုးထွန်းနဲ့ အဖွဲ့က စုံစမ်းမှုတွေပြုလုပ်နေစဉ် ဆိုင်တစ်ဆိုင်ကို မသင်္ကာဖွယ်လူတစ်ဦး ဆွဲကြိုးလာရောင်းနေကြောင်း သတင်းပေးချက်အရ သွားရောက် စစ်ဆေးရာ တရားခံလို့ ယူဆရသူတစ်ဦးကို နာရီပိုင်းအတွင်း ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ဆက်လက်စုံစမ်းစစ်ဆေးမှုတွေအရ ဆွဲကြိုးခိုးယူသူတွေဖြစ်တဲ့ ပြည်တော်သာ ရပ်ကွက်မှ သန်းဇော်၊ ကျော်သက်နဲ့ ကန်သာရွာက ဇွဲကိုတို့ ၃ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။
“ဖမ်းဆီးရမိတဲ့သူတွေက အရင်ကတည်းက ဇ ရှိတဲ့သူတွေ။ အရင်က ထောင်ခဏခဏကျဖူးတယ်။ ခုတိုင်းဆို တခြားခိုးမှုတွေပါ ပေါ်လာနိုင်တယ်”လို့ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဇော်မျိုးထွန်းက ဒီဗွီဘီကိုပြောပါတယ်။
ခိုးယူမှုနဲ့ ပတ်သက်ပြီး သန်းဇော်၊ ဇွဲကို၊ ကျော်သက်တို့ ၃ဦးကို မုံရွာနယ်မြေရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀ အရ ဖမ်းဆီးအရေးယူဆောင်ရွက်နေပါတယ်။