Home
မြန်မာသတင်း
ကျိုက်ထိုတွင် ၁၂ ဘီးယာဉ်နှင့်ဘုရားဖူးယာဉ်တိုက်မိရာ ၁၀ ဦးဒဏ်ရာရ
DVB
·
May 7, 2017
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျူချောင်းကျေးရွာ၊ ရန်ကုန် မော်လမြိုင်ကားလမ်းပေါ်မှာ မေလ ၆ ရက် ညနေပိုင်းက ခရီးသည်တင်ယာဉ်တစီး ရှေ့ကသွားနေတဲ့ ၁၂ ဘီးတပ်ယာဉ်ကို ကျော်တက်ရာ တိုက်မိခဲ့ပြီး လူ ၁၀ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကျိုက်ထို မြို့မ ရဲစခန်းက ပြောပါတယ်။ မော်လမြိုင်ဘက်က ရန်ကုန်ဘက်ကို ယာဉ်မောင်း ကျော်မင်ထူးမောင်းနှင်လာတဲ့ ခရီးသည် ၂၇ ဦးလိုက်ပါလာတဲ့ လိုက်ထရပ်အဖြူရောင်ယာဉ်က ရှေ့ကသွားနေတဲ့ ယာဉ်မောင်း တင်မင်းဦး မောင်းနှင်တဲ့ ၁၂ ဘီးယာဉ်ကို ကျော်တက်ရာ မျက်နှာချင်းဆိုင်က ယာဉ်တစီးလာနေတာကို တွေ့လို့ ရှောင်တိမ်းစဉ် ၁၂ ဘီးယာဉ်ရဲ့ အရှေ့ဘက်ခြမ်းနဲ့ လိုက်ထရပ် ယာဉ်နောက်ခြမ်းတိုက်မိပြီး ယာဉ်တိမ်းမှောက်ခဲ့တာပါ။ ကျိုက်ထိုမြို့မရဲစခန်းက ရဲအုပ်ဇော်မျိုးလွင်က “လိုက်ထရပ်ယာဉ်က ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးဘက်က အာဂန္နု ဦးဇင်းတွေ ကိုရင်တွေ ပါတယ်။ ရန်ကုန်ဘက် ဘုရားဖူးသွားကြတာပါ။ လိုက်ထရပ်ယာဉ်မောင်းက ၁၂ ဘီးယာဉ်ကိုကျော်တက်တာ မလွတ်ဘဲ တိုက်မိသွားတာပါ။ လိုက်ထရပ်ယာဉ်ပေါ်မှာ ခရီးသည်က ၂၇ ဦးပါတယ်။ ဦးဇင်းတွေ ကိုရင်တွေအပါအဝင် ၁၀ ဦးလောက် ဒဏ်ရာရသွားတယ်'' လို့ ပြောပါတယ်။ ယာဉ်တိုက်မှုကြောင့် လိုက်ထရပ်ယာဉ်ပေါ်ပါ ခရီးသည် ၂၇ ဦးထဲမှ ဒဏ်ရာရရှိသူ ၁၀ ဦးကို ကျိုက်ထို မြို့နယ် ဆေးရုံကို တင်ပို့ ကုသခဲ့ရတယ်လို့ သိရပါတယ်။ ယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး ယာဉ်မောင်း တင်မင်းဦးနဲ့ ကျော်မင်းထူးတို့ကို ကျိုက်ထိုမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ-၃၃၇ /၃၃၈ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ သတင်း-ယူမင်းစိုး ဓာတ်ပုံ-ရဲစခန်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024