တပ်မတော်နှင့် တအာင်းတပ်ဖွဲ့ ၂ ရက်အတွင်း တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွား
DVB
·
May 1, 2017
မြန်မာတပ်မတော်နဲ့ တအာင်းပလောင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့အကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေရာမှာ ဧပြီ ၂၉ ရက်နဲ့ ၃၀ ရက် ၂ ရက်တာကာလ အတွင်း တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ တအာင်းတပ်ဖွဲ့က သိရပါတယ်။
တိုက်ပွဲတွေဟာ ရှမ်းပြည်နယ် ၂ ကြိမ်၊ နမ္မတူမြို့နယ်၊ မန်တုံမြို့နယ်နဲ့ နမ့်ခမ်းမြို့နယ်တို့တွင် တကြိမ်စီ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
တီအန်အယ်လ်အေ တအာင်းတပ်ဖွဲ့ပြန်ကြားရေးမှူး တာအိုက်ကျော်က “မနေ့ရော တနေ့ကရော တော်တော်လေး တိုက်ပွဲပြန်ဖြစ်တယ်။ ဖြစ်တဲ့နေရာတွေက နမ့်ခမ်း၊ ကွက်ခိုင်၊ နမ္မတူတို့နေရာမှာ ဖြစ်တယ်။ တိုက်ပွဲမဖြစ်တာတော့ ကြာပြီ။ အခုပြန်ဖြစ်တာက တပ်မ ၈၈ တပ်မတခုလုံးက ၂၅ ရက်နေ့ကတည်းက ကျနော်တို့ လှုပ်ရှားတဲ့တောတွင်းထဲကို တက်လာတယ်။ ထိုးစစ်ဆင်လာတယ်။ တမြန်နေ့ကတော့ ၃ ပွဲဖြစ်တယ်။ မနေ့ကတော့ ၂ပွဲဖြစ်တယ်။ ထိခိုက်တာကတော့ မနေ့ကတော့ ကျနော်တို့ မရှိဘူး။ သူတို့ဘက်တော့ မသိဘူး။ တပြန်မနေ့ကတော့ သူတို့ဘက် ၆ ဦးကျတယ်လို့ ကျနော်အဖွဲ့ကနေ သတင်းပို့လာတယ်” လို့ ပြောပါတယ်။
ဒီတိုက်ပွဲတွေနဲ့ပတ်သက်ပြီး တပ်မတော်ဘက်ကတော့ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
အစိုးရနဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရာမှာ တဖွဲ့ချင်းဆွေးနွေးမှာမဟုတ်ဘဲ ပန်းဆန်း အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်အတိုင်း ရပ်တည်သွားမယ်လို့ တာအိုက်ကျော်က ပြောပါတယ်။
“ပြီးခဲ့တဲ့ ပန်ဆန်းအစည်းအဝေးမှာတုန်းက ကျနော်တို့ အန်စီအေ လမ်းကြောင်းအတိုင်း မလိုက် တော့ဘဲ ဆွေးနွေးပွဲကို ရှာမယ်။ အဲတာကို ဝ ကနေ ဦးဆောင်မယ်။ ကျနော်တို့က အဲဒီ ပန်ဆန်း အစည်းအဝေးတိုင်းပဲ ရပ်တည်သွားမယ်။ သင်္ကြန်မတိုင်ခင်တုန်းကတော့ တွေ့ဖို့ စီစဉ်ထားတယ်။ အခု ပန်ဆန်းအစည်းအဝေးပြီးတော့ တဖွဲ့ချင်းမဟုတ်ဘဲ ၇ ဖွဲ့လုံးပါမှ တွေ့မယ်” လို့ပြောပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေးကို မေ၂၄ ရက်မှာစကျင်းပမှာဖြစ်ပြီး အန်စီအေလက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေကို ဖိတ်ခေါ်ဖို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေး ခေါ်ယူကျင်းပကာ ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။
သတင်း - နိုင်နိုင်