မတရားသင်းဥပဒေဖြင့် အရေးယူမှုများရပ်တန့်ရန် တကိုယ်တော် ဆန္ဒပြ
DVB
·
April 28, 2017
မောင်တော ရခိုင်လူမှုကွန်ယက် ဦးဆောင်သူ တဦးဖြစ်သူ ဦးစိန်လှဖြူက မတရားအသင်း ဥပဒေပုဒ်မ ၁၇ အရ အရေးယူနေမှုတွေ ရပ်တန့်ဖို့ ဧပြီ ၂၈ ရက် နေ့လည်ပိုင်းမှာ မောင်တောမြို့တွင်း လှည့်လည်ပြီး တကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
“အခု မြောက်ဦးမြို့က မြတန်ဆောင်း ဆရာတော်နဲ့ ၈၈ မျိုးဆက်အဖွဲ့ဝင် ခိုင်နီမင်းကို ပုဒ်မ ၁၇(၁)နဲ့ ဖမ်းဆီးထားတယ်။ ဒီမိုကရေစီစနစ်ဆိုပြီး ကိုယ်နှစ်သက်ရာကို ထုတ်ဖော်ခွင့် မရှိသလို ဖြစ်နေတယ်။ ဒါကြောင့် အခုလို ပုဒ်မ ၁၇ ကို သုံးပြီး ဖိနှိပ်နေတာကို ရပ်တန့်ဖို့ ဖမ်းထားသူတွေ လွှတ်ပေးဖို့ ဆန္ဒထုတ်ဖော်တယ်” လို့ ဦးစိန်လှဖြူက ဒီဗွီဘီကို ပြောပါတယ်။
ဆန္ဒပြသူက 'ရဟန်းသံဃာတွေကို အစိုးရက ကြည်ညိုလေးစားပါ၊ မတရားဥပဒေကို ဖျက်သိမ်းပေးရေး၊ လူ့အခွင့်အရေးအရ မိမိယုံကြည်ရာကို လုပ်ခွင့်ရရှိရေး' စတဲ့အချက်တွေ ကြွေးကြော် တောင်းဆိုခဲ့ပါတယ်။
မြောက်ဦးမြို့က မြတန်ဆောင်း ဆရာတော် ဦးနန္ဒီသာရနဲ့ ခိုင်နီမင်းတို့ အပါအဝင် ရခိုင်ပြည်နယ်ထဲမှာ ပုဒ်မ-၁၇ နဲ့ အရေးယူခံထားရသူ ၁၀ ဦးလောက် ရှိတယ်လို့ သိရပါတယ်။