လူထု၏ ငြိမ်းချမ်းရေးမျှော်လင့်ချက်ကို ထောက်ထားစာနာရန် ဒေါက်တာတင်မျိုးဝင်းပြော
DVB
·
April 28, 2017
လူထုရဲ့ ငြိမ်းချမ်းရေး မျှော်လင့်ချက်ကို ထောက်ထားစာနာကြဖို့နဲ့ မျိုးဆက်သစ်တွေကို ငြိမ်းချမ်းရေးအမွေပေးနိုင်ဖို့ အရေးကြီးကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီနေ့ ပြုလုပ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင် (အန်အာပီစီ) နဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ (ဒီပီအန်) ၅ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲမှာ အခုလို ပြောကြားလိုက်တာပါ။
ဒေါက်တာ တင်မျိုးဝင်းက ဒီပီအန်နဲ့ အန်အာပီစီတို့ တွေ့ဆုံတာ ၅ ကြိမ်ရှိပြီမို့ ယုံကြည်မှုလည်း အတော်အတန် ရနေတဲ့အပြင် တဖက်မှာလည်း လူထုရဲ့မျှော်လင့်ချက်ကို ထောက်ထားစာနာဖို့ မေတ္တာရပ်ခံကြောင်း၊ ဒါ့အပြင် မိသားစုတခုမှာ ဥစ္စာ၊ ရာထူး၊ ပညာ ဆိုတဲ့ အရေးတွေထက် အဓိက အရေးကြီးဆုံးအချက်က မိသားစုကို ငြိမ်းချမ်းရေးအမွေပေးနိုင်ဖို့ လိုကြောင်း ပြောဆိုသွားပါတယ်။
အခု လာရောက်တဲ့သူတွေက အသက် ၄၀ ကျော်တန်းတွေ ဖြစ်တာကြောင့် ဒီခေါင်းဆောင်တွေရဲ့ အမည်တွေ သမိုင်းမှာ ထွန်းတောက်ကျန်ရစ်ဖို့ ပြည်သူလူထုကို ဘယ်လို အမွေပေးခဲ့မလဲဆိုတဲ့ အချက်နဲ့ နှစ်ဖက် ယုံကြည်မှုတည်ဆောက်ပြီး နှစ်ပေါင်း ၆၀ ကျော် ပဋိပက္ခတွေ အဆုံးသတ်နိုင်ပြီး မျိုးဆက်သစ်တွေကို ငြိမ်းချမ်းရေးအမွေပေးနိုင်ခဲ့ဖို့ အရေးကြီးကြောင်း ဒေါက်တာတင်မျိုးဝင်းက ဆွေးနွေးပွဲ မစခင်မှာ အဓိကထား ပြောဆိုသွားခဲ့ပါတယ်။
ဒီပီအန် အဖွဲ့ခေါင်းဆောင် ခူဦးရယ်ကတော့ နှစ်ဖက်လုံးက ငြိမ်းချမ်းရေး မျှော်လင့်ချက်ကြီးနေကြတဲ့အတိုင်း အားကြိုးမာန်တက် လုပ်ခဲ့တာ တွေ့ဆုံမှုဟာ ၅ ကြိမ်ရှိလာပြီမို့ အခုဆိုရင် လူထုရဲ့ အကျိုး၊ အဖွဲ့ရဲ့အကျိုး၊ အများရဲ့အကျိုးကို အဓိက ဦးစားပေးရမယ်အကြောင်း၊ တိုင်းပြည် တည်ငြိမ်အေးချမ်းရေးအတွက် ငြိမ်းချမ်းရေးကို တဖက်တလမ်းကနေ ဖော်ဆောင်ဖို့ အထူးအခွင့်အရေးအဖြစ် သဘောထားပြီး စိတ်ရင်းစေတနာအမှန် ရှေ့ထားပြီး အကောင်အထည်ဖော်ဖို့ အလေးအနက် မှတ်ယူကြောင်း အဖွင့်နှုတ်ခွန်းဆက်စကားမှာ အဓိကထည့်သွင်း ပြောကြားသွားပါတယ်။
ငြိမ်းချမ်းရေးကော်မရှင်ဘက်က ဒေါက်တာတင်မျိုးဝင်း ဦးဆောင်ပြီး ဦးအောင်ကြည်၊ ဦးခင်ဇော်ဦး၊ ဦးအောင်စိုးတို့ တက်ရောက်ပြီးတော့ ခူးဦးရယ် ဦးဆောင်တဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေရေးအဖွဲ့ (ဒီပီအန်) အဖွဲ့ကတော့ ကိုယ်စားလှယ် ၉ ယောက် တက်ရောက်ခဲ့ပါတယ်။
ဒီဆွေးနွေးပွဲမှာ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) ရဲ့ တောင်းဆိုချက် ၉ ချက်ကိစ္စ၊ လာမယ့် မေလ ၂၄ ရက်မှာ ပြုလုပ်မယ့် ၂၁ ပင်လုံတက်ရောက်ဖို့ကိစ္စ၊ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ) မှာ လက်မှတ်ရေးထိုးရေး ကိစ္စတွေကို ဆွေးနွေးသွားဖို့ ရှိပါတယ်။