ဘိုကလေးတွင် ကျွဲ တရားမ၀င် ရောင်းဝယ်ဖောက်ကားသူ ၆ ဦး ဖမ်းမိ
DVB
·
April 23, 2017
ဘိုကလေးမြို့နယ်၊ ဒေါင်ကြီးကျေးရွာမှာ ဧပြီလ ၂၀ ရက်နေ့က ကျွဲတွေကို တရားမဝင် ရောင်းဝယ်ဖောက်ကား ၆ ဦးကို ဖမ်းမိခဲ့တယ်လို့ ဘိုကလေးမြို့မ ရဲစခန်းက ပြောပါတယ်။
ဘိုကလေးမြို့နယ် ဒေါင်ကြီးကျေးရွာ အရှေ့ဘက် ၁ မိုင်လောက်အကွာက ဓနိတော အတွင်းမှာ ဦးဗိုင်းစိန်၊ စောဘွဲ့မှူး၊ စောတူးဒို၊ နိုင်လင်းဦး၊ စောသော်မက်နဲ့ စောမဟောတို့ ၆ ဦးဟာ ကျွဲ ၂ ကောင်ကို လှီးဖြတ်ထားပြီး ကျွဲမ ၂ ကောင်ကို အရှင် ဖမ်းဆီးထားလို့ စက်ဆန်း နယ်မြေရဲစခန်းက ဖမ်းဆီးခဲ့တာပါ။
ဖမ်းဆီးရမိစဉ် အသားပိသာအချိန် ၁၀၀ လောက်ရမိခဲ့တယ်လို့ဆိုပါတယ်။ ကျွဲနွားတွေကို နယ်စပ်တွေမှာ တရားမဝင် ရောင်းချမှုတွေရှိတာကြောင့် ဘိုကလေးမြို့နယ် ချောင်းဗြဲကြီး ကျေးရွာအုပ်စု၊ ကဒုံကနိကျေးရွာအုပ်စုနဲ့ ဧရာကျေးရွာအုပ်စုတွေမှာ လယ်သမားတွေအနေနဲ့ တနှစ်ထက်တနှစ် ကျွဲပျောက်မှုတွေ များလာတယ်လို့ လယ်သမားတွေကပြောပါတယ်။
ကျွဲမှောင်ခိုအဖွဲ့တွေဟာ ဝယ်ယူလို့မရရင် ခိုးယူတာတွေပါ လုပ်လာတယ်လို့ ကျွဲပျောက်သူတွေက ပြောဆိုထားပါတယ်။