ရန်ကုန်-မန္တလေး အမြန်လမ်းတွင် အိမ်စီးယာဉ် ၁ စီး ပက်လက်လန်တိမ်းမှောက်
DVB
·
April 18, 2017
မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၉၈/၂ မှာ ဧပြီ ၁၇ ရက်ညနေပိုင်းက အိမ်စီးယာဉ်တစီး တိမ်းမှောက်ခဲ့ပြီး လူတွေတော့ သေဆုံးခဲ့ခြင်း မရှိပါဘူး။
အိမ်စီးကားယာဉ်မောင်းဟာ အိပ်ငိုက်ပြီး လမ်းလယ်ကျွန်းကို အရှိန်လွန်ကျော်ကာ တဘက်လမ်းဘက်မှာ တပတ်လည် ပက်လက်လန် မှောက်သွားတယ်လို့ အမြန်လမ်း သီးကုန်းရဲစခန်းက ဒု-ရဲအုပ်သန်းထွန်းက ပြောပါတယ်။
“ကားက အရှိန်တအားများလွန်းတယ်။ မန္တလေးဘက်သွားနေတဲ့ ကားက ပက်လက်လန်ပြီး ရန်ကုန်ဘက် ခေါင်းတည်သွားတယ်။ ညာဘက်လမ်းကနေ လမ်းလယ်ကျွန်းကျော်ပြီး ဘယ်ဘက်လမ်းထဲ ရောက်သွားတယ်။ သေဆုံးသူ မရှိဘူး။ ကားပေါ်မှာ လူ ၁၀ ယောက်တောင် ပါတယ်။ ရဲတပ်ဖွဲ့ဝင် ၁၅ ယောက်နဲ့ မီးသတ်တပ်ဖွဲ့ဆေးမှူးတွေနဲ့ အကူအညီပေးရတယ်”
ယာဉ်မောင်းထွန်းထွန်းနိုင်ကို ယာဉ်မဆင်မခြင် ပေါ့ဆစွာ မောင်းနှင်တဲ့ ပြစ်မှု ပုဒ်မ ၂၇၉၊ အမှုအမှတ် ယာဉ်(ပ)၁၇/၂၀၁၇ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)