ညောင်လေးပင်မြို့နယ်တွင် ဆီသယ်ယာဉ်တစီး အပူလွန်ကဲ မီးလောင်
DVB
·
April 10, 2017
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းမှာ ဧပြီ ၁၀ ရက် နံနက် ၁ နာရီခွဲအချိန်က ဆီသယ်ယာဉ်တစီး အပူလွန်ကဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
ရန်ကုန်-မန္တလေး ကားလမ်းမိုင်တိုင်အမှတ် ၉၄/၃ အနီးမှာ ဂါလန် ၄၀၀၀ ဆံ့ ဆီသယ်ယာဉ်တစီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာပါ။
နယ်မြေခံ ရဲတပ်ဖွဲ့ဝင်တွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ သွားရောက်စစ်ဆေးရာမှာ PETROL STAR CO., LTD., မှ စက်သုံးဆီ အောက်တိန်းဂါလန် ၃၀၀၀ နဲ့ ဒီဆယ်ဆီ ဂါလန် ၁၀၀၀ သယ်ဆောင်ပြီး ရန်ကုန်မှ တောင်ကြီးကို ပို့ဆောင်ဖို့ ယာဉ်မောင်း ဦးသန်းထွန်း မောင်းနှင်လာတဲ့ ဟီးနိုး ၁၂ဘီးကား ဘရိတ်ရှူး ငြိပြီး အပူလွန်ကဲ မီးလောင်တာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
မီးလောင်ဆီသယ်ယာဉ်ကို ညောင်လေးပင်နဲ့ ပြွန်တန်ဆာက မီးငြိမ်းသတ်ယာဉ် ၃ စီး၊ မီးသတ်ရေသယ်ယာဉ် ၃ စီးနဲ့ မီးငြှိမ်းသတ်ခဲ့ရပြီး မီးလောင်ကျွမ်းမှုကြောင့် ဆီသယ်ယာဉ်ရဲ့ နောက်တာယာ ၄ လုံးနဲ့ ယာဉ်နောက်ပိုင်း အနည်းငယ်မီးလောင်ခံရကာ ဆုံးရှုံးမှုတန်ဖိုး ကျပ် ၄ သိန်းခွဲလောက်ရှိတယ်လို့ သိရပါတယ်။
မီးလောင်မှုနဲ့ပတ်သက်ပြီး ယာဉ်မောင်းဦးသန်းထွန်းအား ပြွန်တန်ဆာနယ်မြေရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားပါတယ်။
သတင်း - နေလင်းထိုက်