မြောက်ဦးရှိ ရှေးဟောင်းဆင်းတုတော်များ သင်္ဘောဆေးသုတ်ခံရ
ပိုင်စိုး
·
March 25, 2017
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာရှိတဲ့ ရှေးဟောင်း ဆင်းတုတော်တွေကို ပြီးခဲ့တဲ့ရက်ပိုင်းက သဘောင်္ဆေးနဲ့ သုတ်သွားတာခံခဲ့ရတယ်လို့ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှု ချစ်သူများအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းက ဒီဗွီဘီကို ပြောပါတယ်။
သျှစ်သောင်းဘုရားက အံတော်သိမ်မှာ ရှိတဲ့ ဆင်းတု ၁၃ ဆူလောက်ကို သင်္ဘောဆေးတွေနဲ့ သုတ်ခဲ့တာဖြစ်ပြီး ဘယ်သူတွေက သုတ်တယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ပြောပါတယ်။
“အဲဒီမှာ ဆင်းတု အဆူ ၃၀ လောက်ရှိတယ်။ ကျမတို့ သိတဲ့အချိန်မှာ ၁၆ ဆူလောက် သုတ်ထားတယ်။ သေဆုံးသူအတွက် ကုသိုလ်ပြုတဲ့အနေနဲ့ သုတ်တယ်လို့ သိရတယ်။ ပြီးတော့ ဂေါပက ခွင့်ပြုတာလို့လည်း သိရတယ်” လို့ ဒေါ်ခင်သန်းက ပြောပါတယ်။
ဒီဆင်းတုတွေဟာ မြောက်ဦးခေတ်က ရှေးဟောင်းလက်ရာတွေဖြစ်ပြီး လူနဲ့ အရွယ်တူ ကျောက်ဆင်းတုတော်တွေ ဖြစ်ပါတယ်။
ရှေးဟောင်း ဘုရားပုထိုးတွေရဲ့ ဂေါပကတွေဟာ ရှေးဟောင်း အမွေအနှစ်ကို ဘယ်လို ထိန်းသိမ်းရမယ်ဆိုတာ နားမလည်ကြဘူးလို့ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်ကဝေဖန်ပါတယ်။
“ကျနော်ကတော့ လွှတ်တော် တက်နေရလို့ သေချာ မစုံစမ်းနိုင်သေးဘူး။ ဒါတွေကို ကျနော့်အနေနဲ့ ပြည်နယ် အစိုးရကို တင်ပြနိုင်မယ်။ ဒီနောက်မှာလည်း ဆက်လုပ်နေမယ်ဆိုရင်တော့ လွှတ်တော်ကို တင်ရမှာပေါ့။ လောလောဆယ်တော့ ခွင့်ပြုတဲ့သူကို ပြောရမှာပဲ”
နောက်ဆုံးရတဲ့ သတင်းအရတော့ ဆေးသုတ်ခံရတာကို ဝေဖန်ခံရတဲ့ အတွက် ကော်ပတ်တွေနဲ့တိုက်ပြီး ပြန်ခွာချနေတယ်လို့လည်း သိရပါတယ်။