Home
မြန်မာသတင်း
ချင်းမိုင်တွင် မြန်မာအိမ်ဖော်တဦး ဘတ်သိန်း ၃၀ တန် စိန်လက်စွပ်ခိုးမှုဖြင့် စွပ်စွဲဖမ်းဆီးခံရ
DVB
·
March 24, 2017
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မှာ မြန်မာအိမ်ဖော်အမျိုးသမီးတဦး ထိုင်းဘတ် သိန်း ၃၀ တန်ဖိုးရှိ စိန်လက်စွပ်ခိုးမှုနဲ့ စွပ်စွဲဖမ်းဆီးခံထားရတယ်လို့  မြန်မာအလုပ်သမားကူညီရေး အေအေစီ မဟာမိတ်အဖွဲ့က ပြောပါတယ်။ မြန်မာပြည် ပဲခူးတိုင်းကနေ ထိုင်းနိုင်ငံ ချင်းမိုင်ရှိ ထိုင်းအိမ်တအိမ်မှာ အိမ်ဖော်အလုပ် လာလုပ်နေတဲ့ အသက် ၃၀ ကျော် မဆုရည်အောင်ဟာ စိန်လက်စွပ်ခိုးမှုနဲ့  စွပ်စွဲခံရပြီး အဖမ်းခံထားရတာကြောင့် အမှုမှန်ပေါ်ပေါက်ရေး ကူညီဆောင်ရွက်ပေးဖို့ သူမရဲ့ခင်ပွန်းဖြစ်သူက အကူအညီတောင်းခဲ့တာလို့ အေအေစီမဟာမိတ်အဖွဲ့ခေါင်းဆောင်  ကိုရဲမင်းမှ ဒီဗွီဘီကို ပြောပါတယ်။ “သူ့ယောကျာ်းက မြန်မာပြည်ကနေ လိုက်လာတယ်၊ လိုက်လာပြီးတော့ ဒီကိစ္စကို ဆောင်ရွက်ပေးဖို့ ကျနော်တို့ကို အကူအညီတောင်းတာပေါ့။ သူ့မိန်းမက ချင်းမိုင်က ထိုင်းတရုတ်သူဌေးတဦးဆီမှာ အိမ်ဖော်အလုပ်လုပ်နေတာပေါ့နော်။ အဲဒီသူဌေးဆီမှာ လုပ်နေတာကြာပြီ၊ ၇ နှစ် ၈ နှစ်လောက်ရှိပြီ။ လွန်ခဲ့တဲ့ ၂ လကျော်လောက်ကတော့ သူတို့အိမ်မှာ ဘတ်သိန်း ၃၀ တန် စိန်လက်စွပ်ခိုးတယ်ဆိုပြီးတော့ အမှုဆင်ဖမ်းဆီးခံရတယ်လို့ပြောတယ်။ အခုသူ့မိန်းမ အဖမ်းခံရတာ ရက်ပေါင်း ၆၀ ကျော်ပြီတဲ့၊ ဒါကြောင့် ကျနော်တို့လည်း ချင်းမိုင်မှာရှိတဲ့ မြန်မာကောင်စစ်ဝန် ဦးစန်းယုကျော်ကို ဆက်သွယ်ပြီး အမှန်တရားပေါ်ပေါက်ဖို့ လုပ်နေပါတယ်။” အေအေစီအဖွဲ့ဝင်ဟာ ဆုရည်အောင်ရဲ့ ခင်ပွန်းနဲ့အတူ ချင်းမိုင်မြို့ကို သွားရောက်ပြီး  ဒီကနေ့ပဲ မြန်မာကောင်စစ်ဝန်ရုံး တာဝန်ရှိနဲ့အတူ  ထောင်ဝင်စာ သွားတွေ့နေကြောင်း၊ တွေ့ခွင့်ရ မရတော့ မသိသေးဘူးလို့ ကိုရဲမင်းက ဆက်ပြောပါတယ်။ မြန်မာပြည်က ရွှေ့ပြောင်းအလုပ်သမားတွေဟာ ထိုင်းနိုင်ငံမှာ အိမ်ဖော်လုပ်ငန်းနဲ့ ပန်းရန်လုပ်ငန်း၊ ရေလုပ်ငန်း စတဲ့ အောက်ခြေသိမ်း အလုပ်ကြမ်းတွေသာ လုပ်ကိုင်ခွင့်ရှိပြီး အိမ်ရှင်နဲ့ တအိမ်တည်းနေတဲ့ အိမ်ဖော်တွေဟာ ပစ္စည်းပျောက်ရှရင် ပထမဆုံး သံသယဖြစ်ခံရသူတွေ ဖြစ်နေ တတ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024