ခမောက်ကြီးမြို့နယ်ခွဲတွင် ရှားပါးမျိုးနွယ်ဝင် ကြံ့သူတော်တကောင် ဖမ်းမိ
DVB
·
March 23, 2017
မျိုးသုန်းပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ကြံ့သူတော်တကောင်ကို ကော့သောင်းမြို့ ခမောက်ကြီးမြို့နယ်ခွဲ အေးမြသာယာကျေးရွာမှာ တွေ့ရှိဖမ်းမိခဲ့ပါတယ်။
ကြံ့သူတော်ကို ဖမ်းမိခဲ့တဲ့ ဦးစိုးထိုက်က တောင်ယာခုတ်ဖို့ တောထဲအသွား လမ်းမှာ သားအမိသုံးကောင်ကို တွေ့ရတာဖြစ်ပြီး ကြံ့သူတော် အမေနဲ့ အခြားတကောင်က လန့်ပြီးထွက်ပြေးသွားလို့ ဒီတကောင်ကိုပဲ ရလိုက်တယ်လို့ ပြောပါတယ်။
ဖမ်းဆီးမိတဲ့ ကြံ့သူတော်မှာ အထီးဖြစ်ပြီး အလျား ၃၂ လက်မ၊ အနံ ၁၈ လက်မနဲ့ လုံးပတ် ၂၃ လက်မရှိကြောင်း သိရပြီး မတ် ၂၂ ရက်နေ့က စစ်ဗျူဟာအခြေချ (ကော့သောင်း) မှ ဗျူဟာမှူး ဗိုလ်မှူးကြီးနိုင်တင်နွဲ့က သစ်တောဒုညွှန်းမှူး ဦးတင်ထွန်းထံ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
ကြံ့သူတော်တွေဟာ ရှားပါးမျိုးစိတ်ဖြစ်တယ်၊ မျိုးသုန်းလုနီးပါးလည်း ဖြစ်နေတော့ စနစ်တကျထိန်းသိမ်းမွှေးမြူဖို့အတွက် ရန်ကုန်တိရစ္ဆာန်ဥယဉ်ကို ပေးပို့သွားမယ်လို့ သစ်တောဒုညွှန်းမှူး ဦးတင်ထွန်းက ဒီဗွီဘီကို ပြောပါတယ်။
လတ်ကိုကိုဦး