မြင်းခြံတွင် ရေဆိုးကန်ဆယ်သည့် အလုပ်သမား ၂ ဦး အောက်ဆီဂျင် ပြတ်သေဆုံး
DVB
·
March 19, 2017
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့မှာ ရေဆိုးကန် ဆယ်ယူရာကနေ အောက်ဆီဂျင်ပြတ်လပ်ပြီး အလုပ်သမား ၂ ဦးသေဆုံးကာ ၃ ဦး အရေးပေါ်ဆေးကုသမှုခံယူနေရပါတယ်။
မြင်းခြံမြို့ အမှတ် (၁၉) ရပ်ကွက်မှာ ဖွင့်လှစ်ထားသော Galacy စားသောက်ဆိုင် အလုပ်သမား မောင်သန်းဖြိုးအောင်၊ မောင်သိန်းထိုက်၊ သန်းဇော်မင်း၊ မောင်ထွန်းလင်းအောင်နဲ့ မောင်ပိုင်မိုးတို့ ၅ဦးဟာ မတ် ၁၉ ရက် မနက် ၁ နာရီလောက်က Galacy စားသောက်ဆိုင် မှ အလျား (၁၀) ပေ အနံ (၆)ပေ အနက် (၇)ပေရှိ စွန့်ပစ်ရေဆိုးကန် အတွင်းရှိရေတွေကို စက်နဲ့စုတ်ယူပြီး ရေကန်အတွင်း ရွံ့နွံ အနှစ်တို့တွေကို ဆင်းပြီးဆယ်ယူကြတာဖြစ်ပါတယ်။
ရေကန်အတွင်းဆင်းနေစဉ် အောက်ဆီဂျင် ပြတ်လပ်မှုကြောင့် အသက်ရှူ မွန်းကြပ်သွားပြီး မောင်သန်းဖြိုးအောင် အသက် (၁၈) နှစ် ၊ မောင်သိန်းထိုက် အသက် (၂၁) နှစ် (ဘ) ဦးခင်မောင်ဌေး တို့ ၂ ဦး နေရာမှာတင် သေဆုံးခဲ့ကြပြီး ကျန် (၃) ဦးကတော့ မြင်းခြံဆေးရုံမှာအရေးပေါ်ဆေးကုသမှု ခံယူနေကြရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး Galacy ဆိုင်မန်နေဂျာ ဦးမြင့်စိုးက “ရေဆိုးတွေစက်နဲ့ စုပ်ယူတဲ့ အလုပ်ကို (၁) လ တခါလောက် လုပ်နေကြပါ။ ခုဟာက ရေကန်ထဲက ရွံ့နွံတွေကို သူတို့က ဆင်းပြီး ဆယ်ယူကြတာဆိုတော့ အောက်ဆီဂျင်ပြတ်လပ်ပြီး အသက်ရှူ ကြပ်သွားတယ်ပဲပြောရမှာပေါ့။ ရေကန်ထဲဆင်းဆယ်တဲ့ မောင်သန်းဖြိုးအောင်နဲ့ မောင်သိန်းထိုက်တို့ကတော့ ဒီမှာပဲ တခါတည်း ဆုံးသွားကြတာပါ။ ကျန်တဲ့ ၃ ယောက်ကိုတော့ ဆေးရုံကို တခါတည်းထဲပို့လိုက်တာပါ”လို့ ဒီဗွီဘီကို ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သတ်ပြီး သေဆုံးမှု ဓမ္မတာအတိုင်း ဟုတ်မဟုတ်ကို စုံစမ်းစစ်ဆေးဖို့ သေမှု သေခင်းဖွင့်ပြီး မြင်းခြံမြို့မရဲစခန်းက ဒုရဲမှူးဝင်းနိုင်က အမှုဖွင့် အရေးယူ ဆောင်ရွက်နေပါတယ်။
သတင်း ရီရီထွန်း (မြင်းခြံ )