ရွာငံ လက်ဖက်ခြောက်နှင့်အစိုများ ဂျာမနီနှင့်စင်ကာပူသို့ တင်ပို့ရောင်းချရန်စီစဉ်
DVB
·
March 11, 2017
အခုနှစ်မှာ ရှမ်းပြည်နယ် တောင်ပိုင်း ရွာငံဒေသထွက် လက်ဖက်ခြောက်(green Tea)နဲ့ လက်ဖက်အစို ဆယ် တန်ခန့်ကို ဂျာမနီနဲ့ စင်ကာပူနိုင်ငံ ဈေးကွက်တွေကို တင်ပို့ ရောင်းချဖို့ စီစဉ်နေတယ်လို့ မြန်မာနိုင်ငံ သစ်သီး ၀လံပန်းမန်နဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင် ပို့ရောင်းချသူများ အသင်းက ပြောပါတယ်။
ရွာငံမြို့နယ်က လက်ဖက်စိုက် တောင်သူတွေ စုပေါင်းပြီး တည်ထောင်ထားတဲ့ အများပိုင် လက်ဖက်ခြောက် စက်ရုံနှစ်ရုံက ထွက်ရှိတဲ့ လက်ဖက်ခြောက်တွေကို ပြီးခဲ့တဲ့နှစ်ကစလို့ ဂျာမနီနိုင်ငံကို တင်ပို့ခဲ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်က ဂျာမနီနိုင်ငံကို မြန်မာ့လက်ဖက်ခြောက် (green Tea ) တန်ချိန် ၃ တန်ခန့် တင်ပို့ခဲ့ပြီး လက်ရှိ မြန်မာ့လက်ဖက်ခြောက် green Tea တစ်ပိဿာကို မြန်မာကျပ်ငွေ တစ်သောင်းငါးထောင် (၁၅,၀၀၀) ခန့် ရရှိနေ တယ်လို့ သိရပါတယ်။