လောက်ကိုင်တွင် တိုက်ပွဲဆက်ဖြစ်နေ၊ ဒေသခံများ တရုတ်နိုင်ငံသို့ ထွက်ပြေး (ရုပ်သံ)
DVB
·
March 6, 2017
ရှမ်းပြည်နယ် မြောက်ပိုင်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ဒေသခံတွေ တရုတ်နိုင်ငံသို့ ထွက်ပြေး ခိုလှုံနေကြပါတယ်။
“လောက်ကိုင် တမြို့လုံး တိုက်နေတုန်း လေယာဉ်တွေလည်း ပါလာတယ်။ တရုတ်ပြည်အတွင်း ဘက်ကို အားလုံး ထွက်ပြေးကုန်ကြပြီ။ ဖြတ်လမ်းကနေ ပြေးကြတာ"လို့ ဒေသခံတဦးက ပြောပါတယ်။
လောက်ကိုင်မြို့တွင်း ဖုန်းလိုင်းအားလုံး ဖြတ်တောက်ထားပြီး လက်ရှိအချိန်မှာ လောက်ကိုင်နဲ့ နယ်စပ်ဝင်ပေါက်ဂိတ်တွေမှာ ပစ်ခတ်နေပါတယ်။
"လောက်ကိုင်မြို့ ၀င်ပေါက်ဖြစ်တဲ့ ကော်မိန်းဆိုတဲ့ တံခါးပေါက်ကြီးကို ပိတ်ထားတယ်။ လောက်ကိုင်ထဲမှာ အခုပြေးလို့မရဘူး။ မြို့ထဲမှာ ပစ်နေကြတော့ ပြေးရင်တော့ ပစ်မှာပဲလေ။ သေတဲ့ လူတွေတော့ များတယ်။ ဘယ်လောက်လဲတော့ လောလောဆယ်မသိသေးဘူး”လို့ လောက်ကိုင်မြို့နဲ့ မိုင်ပေါင်း ၁၈ မိုင်ကွာဝေးတဲ့ တရုတ်ပြည်ဘက်ခြမ်းရှိ ဒေသခံတဦးကပြောပါတယ်။
"နောင်ချိုနယ်က ကျောက်ကြမ်းရွာမှာ စစ်ကား အစီး ၂၀၀ လောက် အသင့်။ ကျောက်မဲ မြို့ဝင်မှာလည်း အင်အားပြည့် စစ်ကား ၁၀ စီးကျော် တက်သွားပြီ"လို့ ကျောက်မဲဒေသခံတဦးက ပြောပါတယ်။
သတင်း - နိုင်နိုင်