Home
မြန်မာသတင်း
မြိတ်မြို့တွင် မူးယစ်ဆေးဝါးများနှင့် ပွိုင့် ၂၂ ကျည်တောင့်များ ဖမ်းမိ
DVB
·
March 5, 2017
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် ကန်ကြီးနယ်မြေ ကွက်သစ်ရပ်ကွက်က နေအိမ်တလုံးကို တာဝန်ရှိသူတွေ ၀င်ရောက်ရှာဖွေရာမှ မူးယစ်ဆေးဝါးတွေ၊ ကျည်တောင့်တွေနဲ့အတူ လူတဦးကို ဖမ်းဆီးမိခဲ့ပါတယ်။ မတ်လ ၄ ရက်နေ့က မူးယစ်ဆေးဝါးများ ရောင်းဝယ် ဖြန့်ဖြူးနေကြောင်း သတင်းအရ မြိတ်ခရိုင် ရဲတပ်ဖွဲ့ဝင်တွေဟာ သက်သေတွေနဲ့အတူ ကန်ကြီးနယ်မြေ ကွက်သစ်ရပ်ကွက် (E) လမ်း၊ အိမ်အမှတ် (၁၈၇) နေအိမ်ကို ၀င်ရောက်ရှာဖွေဖမ်းဆီးရာ ဘိန်းဖြူ၊ ICE၊ WY စာတန်းပါ စိတ်ကြွဆေးပြားတွေ၊ ဘိန်းစာမှုန့်နဲ့ ပွိုင်- 22 ကျည် ၄၃ တောင့်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း မြိတ်မြို့မရဲစခန်းက ပြောပါတယ်။ အဆိုနေအိမ်မှာ ရှာဖွေစစ်ဆေးရာ အသက် ၃၄ နှစ်အရွယ် အောင်ကျော်မင်းနဲ့အတူ ပင်နယ်စလင်း ပုလင်းနဲ့ ထည့်ထားတဲ့ အလေးချိန် (၀ ဒသမ ၁) ဂရမ်လောက်ရှိ ဘိန်းဖြူမှုန့် ၁ ပုလင်း၊ ဆေးထိုးအပ်ပိုက်နဲ့ ထည့်ထားတဲ့ အလေးချိန် (၀ ဒသမ ၁) ဂရမ်လောက်ရှိ ဘိန်းဖြူမှုန့် ၁ တောင့်၊ အလေးချိန် ၁ ဒသမ ၃ ဂရမ်ခန့်ပါ ICE အမျိုးအစား အဖြူရောင် အစိုင်အခဲ (၁) ဘူး၊ WY စိတ်ကြွဆေးပြား ပန်းရောင် (၃၆) ပြား၊ အလေးချိန် ၅၀ ဂရမ်လောက်ပါ ဘိန်းစားမှုန့် ၁ ထုပ်၊ ပွိုင့်-22 ကျည်ဆံ ၄၃ တောင့်နဲ့ မူးယစ်ဆေးသုံးရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီးမိခဲ့တာလို့ ဆိုပါတယ်။ အလာတူ မူးယစ်ဆေးဝါး သတင်းအရ မြိတ်မြို့နယ် မြိတ်တောင်နယ်မြေ၊ မြို့သစ် (၆) ရပ်ကွက် ဦးမြတ်လေးလမ်းမပေါ်မှာ ဆိုင်ကယ် မောင်းလာသူ မျိုးသန့်ကို ရှာဖွေခဲ့ရာမှ WY စာတန်းပါ စိတ်ကြွဆေးပြား ၁၀၀၊ မြိတ်တောင်ကျေးရွာအုပ်စု၊ ဒေါ်သန်းတိုက်တန်းလျား အခန်းအမှတ် (၃) အေးချမ်းဖြူစင်လမ်းသွယ် နေအိမ်မှာ WY စာတန်းပါ စိတ်ကြွဆေးပြား (၈၀၀) ကို ထပ်မံ ဖမ်းဆီးရမိခဲ့ပါတယ်။ အောင်ကျော်မင်းနဲ့ မျိုးသန့်တို့ကို မြိတ်မြို့မရဲစခန်းက မူးယစ်ဆေးလက်ဝယ်ထားရှိ ရောင်းချဖြန့်ဖြူးမှု ပုဒ်မတွေနဲ့ အမှုဖွင့်လှစ်အရေးယူထားကြောင်း သိရပါတယ်။ ဇော်ဇော် (မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024