Home
မြန်မာသတင်း
ဒုတိယနှစ်ကျောင်းသူတဦးထံက ဆွဲကြိုးလုယက်ဖြတ်ပြေးသူကို မိနစ်ပိုင်းတွင်း ဖမ်းမိ
DVB
·
March 3, 2017
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်မှာ ဒုတိယနှစ်ကျောင်းသူတဦးထံကနေ ဆွဲကြိုး လုယက်ဖြတ်ပြေးသူကို မိနစ်ပိုင်းအတွင်း ဖမ်းဆီးရမိတယ်လို့ ဟင်္သာတအမှတ် ၁ မြို့မ ရဲစခန်းက ပြောပါတယ်။ မတ်လ ၁ ရက်နေ့ မနက် ၆ နာရီခွဲအချိန်က ဒုတိယနှစ် တက္ကသိုလ်ကျောင်းသူ မဝေဇင်ဖြိုးနဲ့ သူငယ်ချင်းဖြစ်သူ မငြိမ်းငြိမ်းမြတ်တို့ ဟင်္သာတတက္ကသိုလ်ဝင်းထဲ ကံကော်ဆောင်မှကျူရှင်တက်ဖို့ လယ်တီကွင်းရပ်ကွက် ဆုထက်အောင်ကျူရှင်သို့ မြို့ပတ်လမ်းအတိုင်းခြေလျှင် လျှောက်စဉ် သီရိ ၅ လမ်းနဲ့ ၆ လမ်းကြားအရောက်မှာ လမ်းဘေးမှရပ်နေတဲ့ အမျိုးသားတဦး လိုက်ပါလာပြီး မဝေဇင်ဖြိုးရဲ့ ဆွဲကြိုးကို လုယက်ထွက်ပြေးသွားခဲ့တာပါ။ ဟင်္သာတအမှတ်(၁)မြို့မရဲစခန်းသို့ ဆွဲကြိုးလုယက်ထွက်ပြေးသွားတဲ့အတွက် သွားရောက်အမှုဖွင့် တိုင်တန်းခဲ့ပြီး တရားခံဖမ်းဆီးရမိရေးကို ဒုရဲမှူးခင်မောင်ထွန်းနဲ့အဖွဲ့က အခင်းဖြစ်နေရာသို့ သွားရောက်စုံစမ်းစစ်ဆေးခဲ့ပြီးနောက် မိနစ် ၄၀ အတွင်း တရားခံကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဟင်္သာတအမှတ်(၁)မြို့မရဲစခန်းက (ပ)၈၀/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၉၂ နဲ့ အမှုဖွင့်အရေးယူ ထားပြီး ဟင်္သာတမြို့ မြ၀တီရပ်ကွက် ရတနာပုံ ၃ လမ်းမှာ နေထိုင်တဲ့ တရားခံဇွဲနောင် ၂၅ နှစ်ကျ ဘန်းအလုပ်လုပ်ကိုင်သူကို ရဲလုပ်ထုန်းလုပ်နည်းတွေနဲ့အညီ ကွင်းဆက်တရားခံရှိမရှိ ဆောင်ရွက် စစ်ဆေးပြီး တရားခံအားဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမယ်လို့ အမှုစစ်အရာရှိ ဒုရဲအုပ်မျိုးမင်းက ပြောပါတယ်။ ဟင်္သာတမြို့မှာ အခုလို လုယက်မှုမျိုး ဖေဖော်ဝါရီလက မြို့နယ်ဆည်မြောင်းရိပ်သာနားမှာ ဖြစ်ခဲ့ပြီး အခုချိန်ထိ တရားခံကို မဖမ်းဆီးရမိသေးပါဘူး။ သတင်းနှင့် ဓာတ်ပုံ - ကိုကြက် (ဟင်္သာတ)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024