အင်းတော်မြို့နယ်တွင် အမျိုးသားတဦးကို ဘိန်းဖြူ များနှင့် ဖမ်းမိ
DVB
·
February 28, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မန်လည်(မြောက်)ရွာမှာ ဘိန်းဖြူတွေ ဖမ်းဆီးရမိခဲ့တယ်လို့ အင်းတော်မြို့မ ရဲစခန်းမှူး ဒု-ရဲမှူးသက်တင်ဦးက ပြောပါတယ်။
ဖေဖော်ဝါရီ ၂၆ ရက် ညနေ ၄ နာရီခွဲလောက်က အင်းတော်မြို့မရဲစခန်းမှ ရဲအုပ် သန်းထွန်းလှိုင်နဲ့ တပ်ဖွဲ့ဝင်တွေက အင်းတော်မြို့နယ် မန်လည်(မြောက်)ရွာရှိ လယ်ကွင်းပြင် တောစပ်ကို သတင်းအရ ဝင်ရောက်ရှာဖွေရာ မန်လည်(မြောက်)ရွာနေ သန်းဦးကို ဘိန်းဖြူ ၀ ဒသမ ၁ ဂရမ်ခန့်ပါ ပင်နယ်ဆလင်ပုလင်း ၁ လုံး၊ ဘိန်းဖြူ ဖြူ /ဝါစပ်ကြားမှုန့် ဝ ဒသမ ၁ ဂရမ်ခန့်ပါ မီးခိုးရောင် ဂက်(စ်)မီးခြစ် အပိုင်းအပြတ် ၁ ခု၊ RED RUBY တံဆိပ်ပါ ဆေးလိပ်ဘူးခွံ ၁ ခု၊ ဘိန်းဖြူ ဖြူ /ဝါစပ်ကြားမှုန့်များ ကပ်လျက်ပါ ပလတ်စတစ်ဘူး ၁ ဘူး၊ စုစုပေါင်း အလေးချိန် ဝ ဒသမ ၂ ဂရမ်ခန့် ကာလတန်ဖိုး ၂ သောင်းကျပ်တို့ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့တယ်လို့ အင်းတော်မြို့မရဲစခန်းမှူး ဒု-ရဲမှူး သက်တင်ဦးက ပြောပါတယ်။
မူးယစ်ဆေးဝါးတွေ လက်ဝယ်တွေ့ရှိသူ သန်းဦး (၅၂ နှစ်) ကို အင်းတော်မြို့မရဲစခန်းက မူးစိတ်ပုဒ် ၁၅/၁၆(ဂ) အရ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - ကိုကိုလင်း(အင်းတော်)