ကောလင်းမြို့ နေအိမ်တလုံးတွင် ရွှေထည်နှင့်ငွေ ကျပ်သိန်း ၁၄၀ ကျော်ဖိုး ခိုးယူခံရ
DVB
·
February 23, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကောလင်းမြို့၊ သုဝဏ္ဏရပ်ကွက်ရှိ နေအိမ်တအိမ်မှာ ငွေကျပ် သိန်း ၁၄၀ ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းတွေနဲ့ ၁ သောင်းတန် ငွေစက္ကူတွေ ခိုးယူခံခဲ့ရတယ်လို့ ကသာခရိုင် ရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၉ နာရီက ကောလင်းမြို့ သုဝဏ္ဏရပ်ကွက်နေ ဦးခင်မောင်မြင့်ဟာ ကန်ပေါက်ကြီးရွာကို ထင်းတိုက်သွားခဲ့ရာ မနက် ၁၁ နာရီလောက်မှာ ဇနီးဖြစ်သူ မစန္ဒာဝင်းက နေအိမ်အတွင်း သူခိုးဝင်ခိုးသွားတယ်လို့ ဖုန်းဆက် အကြောင်းကြားလို့ အိမ် ပြန်လာခဲ့တယ်လို့ ဆိုပါတယ်။
အိပ်ခန်းထဲက သေတ္တာထဲမှာ သိမ်းဆည်းထားတဲ့ ၁ သောင်းတန် ငွေစက္ကူအရွက် ၂၀၊ အောင်သမာဓိတံဆိပ်ပါ ၁၀ ကျပ်သား ရွှေတုံး ၁ တုံး၊ သံကြိုးပုံ ၂ ကျပ်သားခန့်ရှိ ရွှေဆွဲကြိုး ၁ကုံး၊ ၁ ကျပ်သားလောက်ရှိ ပွတ်လုံး ရွှေလက်ကောက် ၂ ကွင်း၊ ကျောက်ပြားပါ ၁ မတ်သားလောက်ရှိ ရွှေလက်စွပ် ၁ ကွင်း နဲ့ ကျောက်နီ ၅ လုံးတပ် ရွှေဆွဲသီး ၁ ခု၊ စုစုပေါင်း ၁၄၆ သိန်းကျပ်ခန့်တန်ဖိုးရှိ ပစ္စည်းတွေ ပျောက်ဆုံးသွားလို့ တရားခံအား စုံစမ်းဖော်ထုတ်အရေးယူပေးဖို့ တိုင်ကြားထားတယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကောလင်းမြို့မရဲစခန်းမှ(ပ) ၁၁၉/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ-၃၈၀ အရ အရေးယူဆောင်ရွက်နေပြီး နေအိမ်အတွင်းကို ဝင်ရောက်ပြီး ပစ္စည်းများခိုးယူသူကို စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရပါတယ်။
သတင်း - ကိုကိုလင်း(အင်းတော်)