လေယာဉ်ချ စစ်ကျန်ဗုံးသီးဟောင်းတလုံး တောင်တွင်းကြီးမြို့တွင် တွေ့ရှိ
DVB
·
February 21, 2017
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့တွင် အိမ်သာမြေကျင်းတူးရာကနေ သံချေးတက်နေတဲ့ လေယာဉ်ချ စစ်ကျန် ဗုံးသီးဟောင်းတလုံးကို ဖေဖော်ဝါရီ ၂၀ ရက် ညနေက တွေ့ရှိခဲ့ပါတယ်။
တောင်တွင်းကြီးမြို့၊ ရွှေကြာအင်း (၁) ရပ်ကွက်၊ အပိုင်း-၂၊ ၂-လမ်းတွင် နေထိုင်တဲ့ အသက် ၆၇ နှစ်ရှိ ဒေါ်အေးရဲ့နေအိမ်မှာ သမက် တော်စပ်သူ ကိုလှအောင်က နေအိမ်အနောက်မှာ အိမ်သာကျင်း တူးဖော်ခဲ့ရာကနေ စစ်ကျန်ဗုံးသီးဟောင်းတလုံးရဲ့ ကိုယ်ထည်အပိုင်းကို စတင်တွေ့ရှိခဲ့တာပါ။
ဗုံးသီးဟောင်းတွေ့ရှိမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာကို သတင်းပေးပို့ တင်ပြခဲ့ရာမှာ အမှတ် (၉၁၀) စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းက အမှတ် (၃) တပ်ခွဲမှ တာဝန်ရှိသူတွေက ည ၈ နာရီလောက်မှာ ဗုံးသီးဟောင်းကို လာရောက် တူးဖော်ခဲ့ကြပါတယ်။
ပေါင် ၂၅၀ ခန့်၊ အလျား ၃၁ လက်မခန့် ၊ လုံးပတ် ၂၇ လက်မခန့်၊ အချင်း ၉ လက်မခန့်ရှိ သံချေးတက်နေတဲ့ လေယာဉ်ချ စစ်ကျန် ဗုံးသီးဟောင်းကို ည ၉ နာရီ ကျော်လောက်မှာ အပြီးသတ် တူးဖော်နိုင်ခဲ့ပြီးနောက် အများပြည်သူ ဘေးအန္တရာယ်ကင်းရှင်းစေဖို့ အတွက် သဲအိတ်တွေ ကာရံပြီး မကွေးမြို့ကို တပ်မတော်ပိုင်မော်တော်ယာဉ်နဲ့ သယ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
သတင်း - ဗိုလ်ပြည့် (တောင်တွင်းကြီး)