Home
မြန်မာသတင်း
တနင်္သာရီတိုင်းတွင် မြေမြှုပ်မိုင်းများ စတင်ရှင်းလင်းမည်
ဇေယျာချမ်းအေး
·
February 13, 2017
  တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာ မိုင်းရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ပြင်ဆင်နေပြီလို့ တိုင်းဒေသကြီး လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဇော်လွင်က ပြောပါတယ်။ တနင်္သာရီဒေသမှာ မိုင်းဟောင်းတွေ ရှင်းလင်းရေးလုပ်ဖို့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (တနင်္သာရီတိုင်းဒေသကြီး) JMC-S တို့ မိုင်းရှင်းလင်းရေးဆောင်ရွက်ဖို့ ဆွေးနွေးနေပြီလို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် နယ်လုံဝန်ကြီးက ဖေဖော်ဝါရီ ၁၀ရက်က ပြောကြားလိုက်တာဖြစ်ပါတယ်။ “မိုင်းတွေက လက်နက်ကိုင်စခန်းတွေပတ်ဝန်းကျင်မှာတော့ ရှိရင်ရှိမှာပေါ့။ ပြီးခဲ့တဲ့ဖေဖော်ဝါရီ လပထမအပတ်အ စည်းအဝေးမှာတော့ စဆွေးနွေးနေပြီပေါ့” လို့ ဗိုလ်မှူးကြီးဇော်လွင်က ပြောပါတယ်။ မိုင်းရှင်းလင်းရေးလုပ်ငန်းတွေဆောင်ရွက်နေတဲ့ ငြိမ်းချမ်းမြန်မာကူညီထောက်ပံ့ရေး ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးသန့်စင်က အဲဒီဒေသတွေမှာလက်ကျန်မိုင်းတွေ ရှင်းလင်းဖို့ တိကျတဲ့ အစီအစဉ်တွေတော့ အစိုးရဘက်က ထုတ်ပြန်နိုင်ခြင်းမရှိသလို မိုင်းရှင်းလင်းရေးအရပ်ဖက်အဖွဲ့ အစည်းတွေနဲ့လည်း ညှိနှိုင်းမှုတွေပြုလုပ်ထား တာမရှိတွေ့ရသေးဘူးလို့ ပြောပါတယ်။ “အခုအထိတော့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ညှိနှိုင်းလို့မရသေးဘူးလို့ သိရတယ်။ အားလုံး သဘောတူပြီးမှ လုပ်လို့ရမယ်။ တပ်ရဲ့သဘောထားတခုတည်းနဲ့တော့ လုပ်လို့မရဘူး”လို့ ဦးသန့်စင်က ပြောပါတယ်။ တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာ ၂၀၁၂ ခုနှစ်နောက်ပိုင်းက စပြီး တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာသွားသူတွေဟာ မူလနေရပ်ကို တစတစပြန်လည်ဝင်ရောက်လာနေတာဖြစ်ပါတယ်။ အဲဒီပြန်လည်ပြောင်းလာသူတွေအတွက် ရွာသစ်တွေ ပြန်တည်ဆောက်ဖို့ တိုင်းအစိုးရက ပြင်ဆင်နေပြီး ရွာသစ်တွေ မတည်ဆောက်ခင်မှာ မိုင်းရှင်းလင်းရေးလုပ်ငန်းတွေ အရင်ဆောင်ရွက်ဖို့ လိုတယ်လို့ ဦးသန့်စင်က အကြံပြုထားပါတယ်။ တနင်္သာရီတိုင်းဒေသကြီးအတွင်း မြိတ်၊ ထားဝယ်၊ ကော့သောင်းမြို့တွေရဲ့ အရှေ့ဘက်ခြမ်း နယ်စပ်ဒေသတွေမှာ လက်ကျန်မိုင်းဟောင်းတွေရှိနေနိုင်တယ်လို့လည်း သိရပါတယ်။ အဲ့ဒီ ခရိုင်တွေမှာရှိတဲ့ ဘုတ်ပြင်း၊ တနင်္သာရီ၊ သရက်ချောင်းနဲ့ ရေဖြူမြို့နယ်တွေ ဘက်မှာလည်း လက်ကျန်မိုင်းတွေရှိနေတယ်လို့ ၂၀၁၆ ကထုတ်ဝေခဲ့တဲ့ ခုနှစ်က Burma News International (BNI)ရဲ့စစ်တမ်းမှာ ဖော်ပြပါတယ်။ တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ မွန်ပြည်သစ်ပါတီနဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF တို့ အခြေချထားတာဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDFတို့ကတော့ တစ်နိုင်ငံလုံးပစ်ခိုက်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(အန်စီအေ) မှာ လက်မှတ်ရေးထိုးပြီးဖြစ်ပေမယ့် မွန်ပြည်သစ်ပါတီကတော့ ယနေ့အချိန်ထိ အန်စီအေ လက်မှတ်ရေးထိုးခြင်းမရှိသေးပါဘူး။ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(အန်စီအေ) မှာ လက်မှတ်ရေးထိုးသူ အဖွဲ့ အစည်းတွေအနေနဲ့ ‘’မိုင်းအသုံးပြုခြင်းကိုရပ်တန့်ရန်” နှင့်“မြေမြှုပ်မိုင်းအားလုံးရှင်းလင်းရေး လုပ်ငန်းစဉ်ပူးပေါင်းပါဝင်ရန်” လို့ သဘောတူထားပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်း မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိမှုနှုန်းဟာ ကမ္ဘာပေါ်မှာ အာဖဂန်နစ္စတန်နဲ့ ကိုလံဘီယာနိုင်ငံတွေရဲ့နောက်တတိယအဆင့်မှာ ရှိနေပါတယ်။ ၁၉၉၉ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်းကောက်ယူရရှိခဲ့တဲ့ စာရင်းအရမြန်မာနိုင်ငံမှာမြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၄၁၉ဦး ၊ ထိခိုက်ဒဏ်ရာရသူ ၃၁၅၆ ဦးရှိတယ်လို့ ၂၀၁၆ခုနှစ်ကထုတ်ဝေတဲ့မြေမြှုပ်မိုင်းေ လ့လာစောင့်ကြည့်ရေး မြန်မာနိုင်ငံအစီအရင်ခံစာမှာ ဖော်ပြပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024