အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းခွင့်ပြုရန် ချင်းပါတီတောင်းဆို
DVB
·
February 8, 2017
ချင်းပြည်နယ်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပခွင့်ကို အန်စီအေ အပစ်ရပ် စာချုပ်ပါအတိုင်း ပြည်ထောင်စုအစိုးရက အမြန်ဆုံးခွင့်ပြုပေးဖို့ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီက ထုတ်ပြန် တောင်းဆိုပါတယ်။
ချင်းပြည်နယ်မှာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ(ချင်း)ကို ကျင်းပနိုင်ဖို့ ချင်းအမျိုးသား တပ်ဦး၊ ချင်းနိုင်ငံရေးပါတီတွေနဲ့ ချင်းအရပ်ဖက်လူ့အဖွဲ့အစည်းတွေ အဆင်သင့်ဖြစ်နေပေမယ့် အစိုးရက ခွင့်မပြုခဲ့ခြင်းဖြစ်တယ်လို့ နားလည်ရကြောင်းလည်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပဖို့ မဖြစ်နိုင်သေးကြောင်း ဖေဖော်ဝါရီ ၆ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UDPJC အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပါတယ်။
ဒီအပေါ်အခြေခံပြီး ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီက အခုလို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဆလိုင်းမျိုးချစ်က “အဓိကကတော့ ညီလာခံမတိုင်ခင်မှာ လူမျိုးအဆင့်ပေါ့၊ အမျိုးသားအဆင့် ပြည်နယ်အလိုက်ပဲဖြစ်ဖြစ် အဲလိုဆွေးနွေးတဲ့ဟာကို အစပိုင်းမှာ သဘောတူထားတယ်။ တကယ်တန်းကျတော့ ကျနော်တို့ ချင်းတွေဆိုရင် ချင်းအမျိုးသားဆင့်တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စု အဆင့်မသွားခင်မှာ ကျနော်တို့ ချင်းလူမျိုးတွေအနေနဲ့ ဘာတွေတင်ပြမယ်ဆိုတဲ့ ညှိနှိုင်းမှုပေါ့ဗျ အမျိုးသားအဆင့်ကို ကျနော်တို့လုပ်ဖို့ အဆင်သင့်ရှိနေပြီ။ ရှိနေတဲ့ဟာကို ကျင်းပလို့မရဘူးဆိုတဲ့ဟာ ထွက်လာတာ ပေါ့လေ။ အဲဒါကြောင့် ကျနော်တို့ အဓိကကတော့ ပြည်ထောင်စုအဆင့်ကိုမသွားခင်မှာတော့ ပြည်နယ်မှာ ကျနော်တို့ အရင် အမျိုးသားအဆင့်မှာ အကြေအလည် ဆွေးနွေးသင့်တယ်။ ပြီးတော့မှ သွားတင်ပြရမှာပေါ့။ အခုကတော့ ကိုယ့်အချင်းချင်းကြားမှာ မညှိနှိုင်းသေးဘဲနဲ့ သွားတက်မယ့် သူတွေက ဘာကိုတင်ပြ ရမလဲဆိုတာ ဇဝေဇ၀ါဖြစ်နေတာပေါ့”လို့ပြောပါတယ်။
ဒါ့အပြင် နိုင်ငံတော်သမ္မတရုံး ဒုညွန်ကြားရေးမှူးချုပ်က မီဒီယာမှာ ရှင်းလင်းပြောကြားချက် တွေဟာ ချင်းလူမျိုးအတွင်းသွေးခွဲရာရောက်တဲ့အပြင် ချင်းအမျိုးသားစည်းလုံးညီညွတ်မှုကို ထိပါစေတဲ့ အတွက် အပြင်းအထန်ကန့်ကွက်ရှုတ်ချကြောင်းလည်း ချင်းပါတီရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် အန်စီအေ အရ အမျိုးသားအဆင့်နိုင်ငံ ရေးဆွေးနွေးပွဲတွေ ကျင်းပပြီးမှသာ ၂၁ ရာစုပင်လုံညီလာခံလို နိုင်ငံရေးဆွေးနွေးပွဲတွေကို ကျင်းပရမှာ ဖြစ်ပါတယ်။
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပဖို့ ဦးဆောင်ကော်မတီကို ဦးစွာဖွဲ့စည်းဖို့လိုပြီး အဲဒီကော် မတီမှာ အစိုးရဘက်က ကိုယ်စားလှယ် ၃ ဦး၊ သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဘက်က ၃ ဦးနဲ့ နိုင်ငံရေး ပါတီတွေဘက်က ၃ ဦးပါဝင် ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။