လာအိုမူးယစ်ရာဇာ သုဝဏ္ဏဘူမိလေဆိပ်တွင် ဖမ်းမိ (ရုပ်သံ)
DVB
·
January 23, 2017
ရွှေတြိဂံဒေသရဲ့ နာမည်ကြီး လာအို မူးယစ်ရာဇာ စိုင်ဆနကယောက်ပင်မ်ဖာကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
အသက် ၄၁ နှစ်အရွယ်ရှိ လာအိုမူးယစ်ရာဇာစိုင်ဆနကို ဇန်န၀ါရီ ၁၉ ရက်ညနေပိုင်းက ဖူးကတ်ကနေပြန်အလာ ထိုင်းမူးယစ်နှိမ်နင်းရေးတပ်ဖွဲ့ဝင် ၁၀၀ လောက်က လေဆိပ်ဆိုက်ရောက် နေရာမှာ ၀ိုင်းဝန်းဖမ်းဆီးခဲ့တာလို့ လာအိုတိုင်မ်းသတင်းစာမှာရေးပါတယ်။ သူနဲ့အတူ အမျိုးသား ၁ဦးနဲ့ အမျိုးသမီး ၂ ဦးကိုလည်း ဖမ်းဆီးထားတယ်လို့လည်း ဆိုပါတယ်။
သူ့ကိုဖမ်းဆီးရမိဖို့ ထိုင်းရဲ့ လာအိုအစိုးရတို့ကပူးပေါင်းပြီး ၅ နှစ်ကြာလောက် တယ်လီဖုန်းနဲ့ ခရီးသွားလာမှုတွေကို နောက်ယောင်ခံလိုက်လံစုံစမ်းနေခဲ့တာဖြစ်ပါတယ်။
မူးယစ်ဆေးဝါးနှိမ်နင်းရေး ဗျူရိုက ရဲအရာရှိ ဆွမ်မိုင် ကွန်းဝိဆိုင်စွတ်က လွန်ခဲ့တဲ့ ၅နှစ်အတွင်း စိုင်ဆနရဲ့ မူးယစ်ဆေးဝါးကွန်ရက် အောက်မှာ အလုပ်လုပ်နေသူ ၅၀ လောက်ကို ဖမ်းဆီး ထားပြီးဖြစ်ကြောင်းနဲ့ ဒီလူတွေဟာ ယာဘစိတ်ကြွမူးယစ်ဆေးဝါး ၅ သန်း ကျော်ကို လာအိုကနေ ထိုင်းကို မှောင်ခိုသွင်းခဲ့သူတွေဖြစ်တယ်လို့ ပြောပါတယ်။
သူတို့ဟာ ကျနော်တို့ရဲ့ ကလေးငယ်တွေ အများအပြား အသက်သေဆုံးခဲ့ရမှုမှာ တာဝန်ရှိသူတွေဖြစ်တယ်၊ ဒီမူးယစ်ဆေးဝါးကွန်ရက်ကို သူတောင်းစားတွေထက် ဆင်းရဲအောင် လုပ်ပစ်မယ်လို့လည်းပြောပါတယ်။