အလဲဗင်း စီအီးအိုနှင့် အယ်ဒီတာချုပ်တို့ အာမခံရရှိ
DVB
·
January 6, 2017
ဆက်သွယ်ရေးပုဒ်မ ၆၆ ဃနဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ အလဲဗင်းမီဒီယာ စီအီးအိုနဲ့ အယ်ဒီတာချုပ်တို့ကို ဒီနေ့ ဇန်နဝါရီ ၆ ရက်နေ့ ရုံးထုတ်စစ်ဆေးပြီး အာမခံထပ်မံလျှောက်ထားရာမှာ တာမွေတရားရုံးက အာမခံပေးလိုက်ပါတယ်။
ဒေးလီးအလဲဗင်းသတင်းစာ အယ်ဒီတာ့အာဘော်မှာဖော်ပြခဲ့တဲ့ အချက်အလက်အချို့ဟာ ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့နဲ့ပတ်သက်ပြီး မဟုတ်မမှန် လွဲမှားတဲ့ အချက်အလက်တွေ ဖြစ်နေတဲ့အတွက် ဝန်ချတောင်းပန်ပါကြောင်း ဒီဇင်ဘာ ၂၇ ရက်နေ့ထုတ် Daily Eleven သတင်းစာမှာ တောင်းပန်စာထည့်ပြီး ၁၀ ရက်အကြာမှာ အာမခံပြန်လည်ရရှိခဲ့တာပါ။
အာမခံပေးခဲ့ပေမယ့် တရားလိုပြသက်သေဖြစ်တဲ့ ရန်ကုန်တိုင်းထွေအုပ်ညွန်ကြားရေးမှူး ဦးမိုးဟိန်းကတော့ အမှုကို မရုပ်သိမ်းပေးဘဲ ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ မီဒီယာတွေကိုပြောပါတယ်။
သတင်း၊ ဓာတ်ပုံ - ပြည့်ဘုန်းအောင်