Home
မြန်မာသတင်း
ဒေါ်လာ ၁၀ သန်းတန် ဇေကမ္ဘာရှေးဟောင်းပြတိုက် ဖွင့်လှစ်မည်
နေဖြိုးဝင်း
·
January 5, 2017
ဇေကမ္ဘာရှေးဟောင်းပြတိုက်ကို အမေရိကန် ဒေါ်လာ ၁၀ သန်းလောက်အကုန်အကျခံကာ ရန်ကုန်မြို့မှာ တည်ဆောက်နေပြီး ဒီနှစ်ကုန်ဖွင့်လှစ်သွားဖို့ရှိနေတယ်လို့  ဇေကမ္ဘာ ဦးခင်ရွှေက ပြောပါတယ်။ ဒီကနေ့ နေပြည်တော်ရှိ အမျိုးသားစာကြည့်တိုက်မှာပြုလုပ်တဲ့ သမိုင်းဝင်အမွေ အနှစ်ပစ္စည်းများ လှူဒါန်းခြင်း ဂုဏ်ပြုအခမ်းအနားအပြီးမှာ ဇေကမ္ဘာဦးခင်ရွှေက မီဒီယာတွေကို ပြောတာပါ။ အဆိုပါပြတိုက်ကို ရန်ကုန်မြို့ရှိ မင်္ဂလာဒုံဂေါက်ကွင်းရှေ့ မြေဧရိယာစတုရန်းပေ ၁ သိန်း ၅ သောင်း ကျော်ပေါ်မှာ စတင်ဆောက်လုပ်နေပြီး ဒီနှစ်ထဲမှာပြီးမယ်လို့ ပြောပါတယ်။ ပြတိုက်အမည်ကို ဇေကမ္ဘာပြတိုက်လို့ သတ်မှတ်ထားပြီး အာရှမှာ အကြီးဆုံးပြတိုက်ကြီးဖြစ်ဖို့ ရည်မှန်းထားတယ် လို့လည်း ဆိုပါတယ်။ "ကိုယ့်သမိုင်းပေါ့လေ။ အန်ကယ်တို့က တချိန်ကျ သေကြရတော့မှာပဲ။ သေသွားပြီရင် ဇေကမ္ဘာ ဆိုတာကြီး သမိုင်းမှာ ကျန်ခဲ့ချင်တယ်။ ဒါကြောင့် ဇေကမ္ဘာပြတိုက်ဆိုပြီး ထားခဲ့တာ"လို့ ဇေကမ္ဘာ ဦးခင်ရွှေက ပြောပါတယ်။ ပယင်းကျောက်ဖြစ်ရုပ်ကြွင်း၊ ဒိုင်နိုဆောအမွှေး၊ အကောင်မျိုးစုံ၊ ကျောက်ခေတ်၊ သံခေတ်၊ ကြေးခေတ်၊ သုဝဏ္ဏဘူမိခေတ်၊ ပျုခေတ်၊ ဟန်လင်းခေတ်တွေက အရိုးအိုးတွေကအစ တော်တော်များများ စုဆောင်းပြီးပြီလို့ ဆိုပါတယ်။ "အန်ကယ်ဆီမှာရထားတဲ့ ထူးထူးခြားခြားကတော့ လူသားမျိုးနွယ် အောက်မေးရိုးတခုရထားတယ်။ အဲဒါကို နိုင်ငံတကာက သုတေသနလုပ်တော့ နှစ်ပေါင်း ၄၃ သန်း၊ လူသားအစ မြန်မာကိုတောင် ပြောသွားတယ်။ အဲဒါကိုလည်း Carbon Test လုပ်ပြီးပြီ။ နောက် ဒုတိယတန်ဖိုးရှိတာကတော့ လိပ်ကြီးတကောင်ရတယ်။ ၈ ပေနဲ့ ၄ လက်မရှိတယ်။ ကမ္ဘာ့အကြီးဆုံးလိပ်တောင် ၇ ပေ ၁ လက်မပဲရှိတယ်။ အဲလိပ်က နှစ်ပေါင်းသန်း ၄၀ လောက် ရှိသွားပြီ။ နောက်ထပ်လည်း ထူးဆန်းတာ တွေ တော်တော်များစုထားတယ်" လို့လည်း ပြောပါတယ်။ ဒါ့အပြင် မြန်မာပြည်မှာ အင်မတန်ရှားပါးတဲ့ ဆရာချုံ၊ ဆရာခ၊ ဦးကြာညွတ်၊ ဆရာပေ၊ ဆရာဖေ တို့ရဲ့ပန်းချီ ကား အကုန်လောက်နီးပါး စုထားပြီးပြီဖြစ်သလို နိုင်ငံတကာပန်းချီဆရာတွေ ဆွဲထားတဲ့ ပန်းချီကား ၃၀လောက်ကိုလည်း ထည့်သွင်းပြသသွားမယ်လို့ ဆိုပါတယ်။ ပြတိုက်ဒီဇိုင်းကို ပြင်သစ်က ဆွဲထားပြီး ကျန်တဲ့အပြင်အဆင်ပိုင်းကို နိုင်ငံတကာက အကြံဉာဏ်ရယူသွားမယ်လို့ ပြောပါတယ်။ ပြတိုက်ထိန်းသိမ်းဖို့ကိုတော့ သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာနရဲ့ အကူအညီနဲ့ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024