ပြည်ထောင်စုငြိမ်းချမ်းရေးအတွက် စုပေါင်းဆွေးနွေးအဖြေရှာရန် သမ္မတတိုက်တွန်း
DVB
·
January 4, 2017
အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးအတွက် စုပေါင်းတွေ့ဆုံဆွေးနွေး အဖြေရှာမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံကို တိုင်းရင်းသားပြည်သူ အားလုံးက မျက်မှောက်ပြုကြဖို့ သမ္မတ ဦးထင်ကျော်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။
ဒီကနေ့ ကျရောက်တဲ့ (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာ မှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ကပြောကြားသွားတာဖြစ်ပြီး တိုင်းပြည်လွတ်လပ်ရေးရပြီဖြစ်ပေမယ့် တိုင်းရင်းသားဒေသတွေမှာ လွတ်လပ်ရေးရဲ့ အသီးအပွင့်တွေကို မခံစားရဘူးလို့ လည်းပြော ပါတယ်။
“လွတ်လပ်ပင်လွတ်လပ်ခဲ့သော်ငြားလည်း လက်နက်ကိုင်ပဋိပက္ခများကြောင့် တိုင်းရင်းသားဒေသ နေရာအချို့တွင် လွတ်လပ်ရေး၏အသီးအပွင့်ကို တင်းပြည့်ကျပ်ပြည့် ခံစားနိုင်ခြင်းမရှိဘဲ အနာဂတ်များ ပျောက်ဆုံးကာ အမှောင်ဖုံးခဲ့ရသည်မှာ စိတ်မကောင်းဖွယ်ရာပင်ဖြစ်ပါသည်။ ယနေ့အချိန်အခါတွင် သံသယနှင့်ပဋိပက္ခများ ကင်းစင်ပပျောက်ပြီး ရေရှည်တည်တံ့သည့် စစ်မှန်သောထာဝရ ငြိမ်းချမ်းရေးရရှိရန်နှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန် တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံးက နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို နိုင်ငံတော်အစိုးရက ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံကျင်းပခြင်းဖြင့် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။”
လက်နက်ကိုင်နည်းလမ်းဟာ ခေတ်အဆက်ဆက်နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းနိုင်ခြင်း အလျဉ်းမရှိဘဲ လက်နက်ကိုင်ပဋိပက္ခကိုရှည်ကြာစေခဲ့ပြီး ဖွံ့ဖြိုးမှုတွေလည်း နောက်ကျကျန်ရစ်ခဲ့ရတယ်လို့လည်းဆိုပါတယ်။
ဒါ့အပြင် ၂၁ရာစုပင်လုံညီလာခံကရလာတဲ့ ဆုံးဖြတ်ချက်နဲ့အညီ စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်ဖို့၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ်ပေါ်ပေါက်အောင်ဆောင်ရွက်ဖို့နဲ့ ပြည်နယ်နဲ့တိုင်းတွေအကြား ဘက်ညီမျှတစွာ ဖွံ့ဖြိုးတိုးတက်လာစေမယ့် စီးပွားရေးအခြေအနေကောင်းတွေရရှိအောင် ကြိုးပမ်းဆောင်ရွက်ဖို့ လည်း သမ္မတက တိုက်တွန်းသွားပါတယ်။