အုတ်တွင်းမြို့ ယာဉ်တိုက်မှုကြောင့် ညီအစ်မ ၂ ဦး သေဆုံး
DVB
·
December 24, 2016
ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ တဲကြီးကုန်းကျေးရွာအနီး ရန်ကုန်- မန္တလေး လမ်းဟောင်းမိုင်တိုင်အမှတ် (၁၆၄/၁ နှင့် ၁၆၄/၂) အကြားမှာ ဒီနေ့ မနက် ၁၀ နာရီလောက်က ယာဉ်တိုက်မှုတခုဖြစ်ပွားလို့ ညီအစ်မနှစ်ဦး သေဆုံးသွားပါတယ်။
ဖြစ်စဉ်မှာ ရန်ကုန်ကနေမန္တလေးဘက် ယာဉ်မောင်း ဖိုးခွားလေး (ခ)ဂျေမောင်မောင် မောင်းနှင်တဲ့ ၆ ဘီး ယာဉ်ဟာ ၁၂ ဘီးယာဉ်တစီးအား ကျော်တက်စဉ် လမ်းဘေးမှာ ဆိုင်ကယ်နဲ့ ရပ်နေတဲ့ ညီအစ်မ ၂ ဦးကို ၀င်တိုက်မိခဲ့ပြီး အခင်းဖြစ်နေရာမှာ သေဆုံးသွားတယ်လို့ အုတ်တွင်းမြို့မရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။
“သေတာကတော့ နှစ်ယောက်သေတယ်။ ကောင်မလေးနှစ်ယောက်လေ။ လမ်းဘေးမှာ ရပ်နေတာပေါ့။ ယာဉ်တိုက်မှုဖြစ်တာကတော့ လားရားအတူတူပေါ့။ ရန်ကုန်ဘက်ကနေ မန္တလေးဘက်ကို တက်ကြတာ။ အဲဒီလိုတက်ကြတဲ့အခါမှာ ကားကြီးတွေကို ကျော်တဲ့ကားတစ်စီးပေါ။ အဲဒီကားကကျော်တက်လာပြီး အရှိန်မထိန်းနိုင်ဘဲ ဘေးမှာရပ်နေတဲ့ ကလေးမလေးနှစ်ယောက်ကို မျက်နှာချင်းဆိုင်တိုက်တယ်။ ပြီးတော့ သူရဲ့မူရင်းနေရာကို ပြန်ဆွဲကွေ့တော့ နောက်ကလိုက်လာတဲ့ ကားနဲ့ မျက်နှာချင်းဆိုင် ခေါင်းချင်းပြန်တိုက်မိတယ်။"
ယာဉ်တိုက်မှုကြောင့် သေဆုံးသွားတဲ့ ညီအစ်မနှစ်ဦးကတော့ အုတ်တွင်းမြို့နယ် တဲကြီးကုန်းကျေးရွာမှာနေထိုင်တဲ့ မပိုးအိအောင် နဲ့ မချောကလျာအောင်တို့ ဖြစ်ပါတယ်။
အဆိုပါဖြစ်စဉ်အား အုတ်တွင်းမြို့မစခန်းက ယာဉ်မောင်းဖိုးခွားလေး (ခ) ဂျေမောင်မောင်အား ယာဉ်(ပ) ၃၈/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ-၂၇၉/၃၀၄-(က) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
သတင်း ကျော်အောင် ( ကညွတ်ကွင်း )