လွှတ်တော်ကိုယ်စားလှယ် ၂ ဦးကို ပြည်ထောင်စုလွှတ်တော်နာယက သတိပေး
နေဖြိုးဝင်း
·
December 21, 2016
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နမ့်ဆန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိုင်းဝင်းထူးရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်လာရေး ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ရေးရန်တိုက်တွန်းကြောင်း အရေးကြီးအဆို ပယ်ချခံရကို ဒီဇင်ဘာလ ၁၅ ရက်နေ့ ထုတ် The Voice နေ့စဉ်ထုတ်သတင်းစာမှာ ပြောကြားခဲ့တာပတ်သက်ပြီး မိုင်းဝင်းထူးနဲ့ မှတ်ချက်စကားပြော ဆိုတဲ့ ဦးဦးလှစောတို့ကို ဒီဇင်ဘာလ ၂၀ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ နာယက မန်းဝင်းခိုင်သန်းက သတိပေးခဲ့တာပါ။
တိုင်းရင်းသားလက်နက်ကိုင်အားလုံး ပါဝင်လာရေး အစိုးရက လုပ်ဆောင်နေပြီဖြစ်လို့ အရေးမကြီးဟု ဆိုပြီး အရေးကြီးအဆိုကို ပယ်ချခဲ့ရတာဖြစ်တယ်လို့ မိုင်းဝင်းထူးက ပြောဆိုထားတာပါ။
ဒါအပြင် ရခိုင်အမျိုးသားပါတီက ဦးဦးလှစောက တိုင်းပြည်အတွက် အသက်တမျှအရေးကြီးတဲ့ ငြိမ်းချမ်းရေးမှာ အားလုံးပါဝင်ဖို့ တိုက်တွန်းတဲ့အဆို ပယ်ချခံရတော့ တရားမမျှတဘူးလို့ မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။
၂၀၁၀ ပြည့်နှစ် ပြည်ထောင်စုလွှတ်တော်နည်းဥပဒေ ၆၆၊ အပိုဒ်ခွဲ က(၂၊၃) ပါစည်းကမ်းချက်တွေနဲ့ ကိုက်ညီမှု မရှိလို့ အဆိုကို ခွင့်မပြုတာဖြစ်တယ်လို့ နာယက မန်းဝင်းခိုင်သန်းက ဆိုပါတယ်။