စာမသင်ဖူးသည့်ကလေးများကို အသက်မွေးဝမ်းကျောင်းပညာသင်ကြားပေးမည်
DVB
·
December 19, 2016
ကလေးတွေကို ကျောင်းပြင်ပ အခြေခံ စာတတ်မြောက်မှု သင်တန်းပေးပြီး အသက်မွေးဝမ်းကျောင်း ပညာရပ်တွေ သင်ကြားပေးသွားမယ်လို့ ကျောင်းပြင်ပပညာရေးဦးစီးဌာနက ပြောပါတယ်။
အမျိုးသားပညာရေးကော်မရှင် ညွှန်ကြားရေးမှူးချုပ် ဒေါတ်တာခိုင်မြဲက“ကျောင်းပညာပြင်ပရောက်နေတဲ့ ကလေးတွေက တနှစ်ကို သန်းဂဏန်းလောက် ရှိနေတယ်။ တချို့ဆို လုံးဝကို စာမသင်ဖူးသေးတဲ့ ကလေးတွေ ရှိတယ်။ အဲဒီအတွက် အခြေခံစာတတ်မြောက်မှု သင်တန်း အရင်ပေးရမယ်။ သင်ထားတဲ့ ပညာရေးကို လုပ်ငန်းခွင်နဲ့ ဘယ်လိုပေါင်းစပ်မလဲဆိုတဲ့ အဆင့်ကို သင်ပေးရမယ်။ အဲဒါ ပြီးရင်တော့ အသက်မွေးဝမ်းကျောင်းပညာတွေ သင်ပေးရမှာပေါ့။ အဲအတွက်လည်း အခုဆွေးနွေးပွဲကနေ မူဝါဒရေးဆွဲသွားမယ်” လို့ ပြောပါတယ်။
ဒီဆွေးနွေးပွဲကိုတော့ အမျိုးသားပညာရေးမူဝါဒကော်မရှင်နဲ့ ပညာရေးဆိုင်ရာလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ NGO၊ INGO အဖွဲ့တွေ ပူးပေါင်းပြီး ကျောင်းပြင်ပနဲ့ တသက်တာ ပညာရေးကဏ္ဍ မူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၉ ရက်ကနေ ၂၁ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
သတင်း၊ ဓာတ်ပုံ- အောင်ဆန်းဦး