Home
မြန်မာသတင်း
မြောက်ပိုင်းတပ်ဖွဲ့များအား အကြမ်းဖက်အဖွဲ့ သတ်မှတ်ရန် ရှမ်းပြည်လွှတ်တော် ဆုံးဖြတ်
ရွှေအောင်
·
December 7, 2016
မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေကို အကြမ်းဖက်အဖွဲ့တွေအဖြစ် သတ်မှတ်ဖို့ အရေးကြီးအဆို ကို ရှမ်းပြည်လွှတ်တော်မှာ ထောက်ခံသူများလို့ ဒီနေ့ အတည်ပြုလိုက်ပါတယ်။ အဆိုကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၇ ဦး ၀င်ရောက်ဆွေးနွေးခဲ့ကြပြီးတဲ့နောက် လွှတ်တော်ထဲ မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံသူ ၆၁ ဦး၊ ကန့်ကွက်သူ ၄၅ ဦးနဲ့ ကြားနေ ၇ ဦးရှိပြီး အဆို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ ဆွေးနွေးခဲ့ကြတဲ့ ကိုယ်စားလှယ်တွေထဲ တပ်ကိုယ်စားလှယ် ၂ ဦးနဲ့ ကြံ့ခိုင်ရေးကိုယ်စားလှယ် ၄ ဦးတို့က အဆိုကို ထောက်ခံဆွေးနွေးခဲ့ကြပြီး အန်အယ်လ်ဒီကိုယ်စားလှယ် ၁ ဦးက ကန့်ကွက် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေကို အကြမ်းဖက်အဖွဲ့တွေအဖြစ် သတ်မှတ်ဖို့ အရေးကြီး အဆိုကို ရှမ်းပြည်လွှတ်တော်က အတည်ပြုလိုက်တဲ့အတွက် ပြည်နယ်အစိုးရက ဆက်လက်လုပ်ဆောင် ရတော့မှာ ဖြစ်ပါတယ်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (အက်စ်အန်အယ်လ်ဒီ) ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဉာဏ်က တပ်မတော်ကို ပိုပြီး တွန်းအားပေးလိုက်သလို ဖြစ်သွားတယ်လို့ ပြောပါတယ်။ “ပြည်ထောင်စုမှာက ဒါကို တင်သွင်းခွင့် မပြုဘဲ ပိတ်ထားတယ်။ ရှမ်းပြည်နယ်လွှတ်တော် ကျတော့ သူ့ ပြည်နယ်ထဲမှာ သူလည်း လုပ်ပိုင်ခွင့် ရှိတယ်ဆိုတဲ့ သဘောမျိုး ပြသတာပေါ့။ သူ့ ပြည်နယ်ထဲမှာ သူ မဲခွဲ လိုက်တယ်၊ မဲခွဲလိုက်ပြီး အကြမ်းဖက်အဖွဲ့အဖြစ် သူ သတ်မှတ်လိုက်တယ် ဆိုတာက ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို သူ ပို့လိမ့်မယ်။ ဆိုလိုခြင်းကတော့ ဒီအဆိုမရှိလည်း စစ်တပ်က ဒီ အော်ပရေးရှင်းကို လုပ်နေတာပဲ၊ အခုလို ဆုံးဖြတ်လိုက်တော့ သူ့ကို ပိုပြီး တွန်းအားပေးသလို ဖြစ်သွားတာပေါ့။” ရှမ်းပြည်နယ်လွှတ်တော်ကို ဒီဇင်ဘာ ၆ ရက်မှာ အရေးပေါ်ခေါ်ယူခဲ့တာဖြစ်ပြီး စတင်ခေါ်ယူတဲ့ နေ့မှာပဲ တပ်မတော်နဲ့ လတ်တလော တိုက်ပွဲဖြစ်နေကြတဲ့ ကေအိုင်အေ၊ အမ်အန်ဒီအေအေ၊ တီအန်အယ်လ်အေနဲ့ အေအေ တပ်ဖွဲ့တို့ကို အကြမ်းဖက်အဖွဲ့တွေအဖြစ် သတ်မှတ်ဖို့ အရေးကြီးအဆို တင်ခဲ့တာ ဖြစ်ပါတယ်။ မကြာခင်က ကျင်းပပြုလုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော်အတွင်း ရှမ်းမြောက်တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြစဉ်ကလည်း ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက အလားတူ အကြမ်းဖက်အဖွဲ့တွေအဖြစ် သတ်မှတ်ဖို့ လွှတ်တော်ကို တင်ပြတောင်းဆိုခဲ့ဖူးပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024