Home
မြန်မာသတင်း
ရှမ်းမြောက်ပိုင်း ပစ်ခတ်တိုက်ခိုက်မှုအတွင်း ၁၄ ဦး သေ၊ ၅၀ ဒဏ်ရာရ
DVB
·
December 1, 2016
ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ ပစ်ခတ်တိုက်ခိုက်မှုတွေအတွင်း သေဆုံးသူ ၁၄ ဦးရှိပြီး ဒဏ်ရာရသူ ၅၀ ထိ ရှိပြီလို့ အစိုးရက သတင်းထုတ်ပါတယ်။ အစိုးရကထုတ်ပြန်တဲ့ သေဆုံးနဲ့ ဒဏ်ရာရစာရင်းထဲမှာ ရဲ၊ ၀န်ထမ်း၊ ပြည်သူ့စစ်နဲ့ အရပ်သားတို့ ပါဝင်ပါတယ်။ အရပ်သား ၁၀ ဦးသေဆုံး၊ ဒဏ်ရာရသူ ၃၇ ဦးရှိပြီး သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရရှိမှု အများဆုံးဖြစ်တာလည်း တွေ့ရပါတယ်။ နိုဝင်ဘာ ၂၀ ရက်ကစလို့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့က မြောက်ပိုင်းဒေသမှာ  ထိုးစစ်စတင်ခဲ့တာဖြစ်ပြီး  နိုဝင်ဘာ ၃၀ ရက်ထိ သေဆုံးနဲ့ ဒဏ်ရာရစာရင်း ဖြစ်ပါတယ်။ မြောက်ပိုင်းဒေသ ပစ်ခတ်တိုက်ခိုက်မှုတွေအတွင်း အစိုးရက ဖမ်းဆီးထားတဲ့ စာရင်းထုတ်ပြန်တာ မတွေ့ရဘဲ နိုဝင်ဘာ ၂၉ ရက်က ထုတ်ပြန်ခဲ့တဲ့ ကချင်ငြိမ်းချမ်းရေးကွန်ရက်ကြေညာချက်အရ အရပ်သား ၅၀ လောက်ကို တပ်မတော်က ဖမ်းဆီးထားပါတယ်။ တပ်မတော်ဘက်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၂ ခုစလုံးက တပ်ဖွဲ့ဝင် သေဆုံး၊ ထိခိုက်စာရင်း ထုတ်ပြန်တာ မတွေ့ရဘဲ တိုက်ပွဲတွေက ဆက်လက်ဖြစ်ပွားနေတုန်း ဖြစ်ပါတယ်။ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ပြောခွင့်ရ မိုင်အိုက်ကျော်က မနေ့ကနဲ့ ဒီနေ့မနက်ပိုင်း တိုက်ပွဲဖြစ်ပွားနေတုန်းလို့ ပြောပါတယ်။ “ဆက်ဖြစ်နေတာကတော့ မူလ နေရာတွေပဲ၊ မုံးကိုး၊ ဖောင်းဆိုင်၊ ကြူကုတ်၊ ပန်ဆန်း၊ ကြူကုတ်၊ ပန်ဆန်းနဲ့ ၁၀၅ မိုင်ကြား၊ ၁၀၅ မိုင်၊ ပြည်ထောင်စုလမ်းမပေါ် ကွတ်ခိုင်နဲ့ ၁၀၅ မိုင်ကြားအတွင်းမှာတွေ ဖြစ်တယ်၊ ဒီ မနက်လည်း ၁၀၅ မိုင်မှာ ၆ နာရီလောက်က ပစ်ခတ်မှု ခဏလေး ဖြစ်တယ်၊ မုံးကိုးဘက်မှာလည်း ပစ်ခတ်မှု ပြန်ဖြစ်တယ်။” ကေအိုင်အေ၊ အမ်အန်ဒီဒီအေ၊ တီအန်အယ်လ်အေနဲ့ အေအေ တပ်ဖွဲ့ ၄ ခုရဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့က တပ်မတော်ရဲ့ ထိုးစစ်ရပ်တန့်အောင်ဆိုပြီး နိုဝင်ဘာ ၂၀ ရက်ကစလို့ မြောက်ပိုင်းဒေသမှာ ထိုးစစ်စတင်ခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024