ရိက္ခာပို့တပ်မတော်ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရ
DVB
·
November 30, 2016
ရှမ်းပြည်နယ် မူဆယ်မြို့နယ်ထဲမှာ ရိက္ခာတွေပို့ဖို့ ထွက်ခွာလာတဲ့ တပ်မတော်ယာဉ်တန်းကို KIAနဲ့ TNLA တပ်ဖွဲ့တွေက တံတားမိုင်းခွဲဖျက်ဆီးပြီး တိုက်ခိုက်ခဲ့တဲ့အတွက် စစ်သည် ၁ ဦး ဒဏ်ရာရသွားတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
ကွတ်ခိုင်မှ ထွက်ခွာလာတဲ့ တပ်မတော်ယာဉ်တန်းဟာ ဒီကနေ့ မနက် ၃ နာရီခွဲခန့်က မူဆယ်မြို့နယ်၊ ဆွန်လုံကျေးရွာအနီးရှိ ဆွန်လုံတံတားသို့ ရောက်ရှိစဉ် KIA/TNLA ပူးပေါင်းအဖွဲ့အင်အား ၃၀ ဦးခန့်က ဆွန်လုံတံတားကို မိုင်းနဲ့ ဖောက်ခွဲဖျက်ဆီးပြီး တပ်မတော်ယာဉ်တန်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲမှာ တပ်မတော်စစ်ကြောင်းက စစ်သည် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုကြောင့် ဆွန်လုံတံတားကြမ်းခင်း ၁၀ ပေလောက်နဲ့ တံတားလက်ရန်း ၁၀ ပေလောက် ပျက်စီးသွားတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၂၈ ရက်ကလည်း မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက် သစ်တောလမ်း၊ ရန်ကုန် တင်တင်လှ ထမင်းဆိုင်အနီး KIAနဲ့ TNLA လက်နက်ကိုင်တွေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ပြီး မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက်နဲ့ မန့်မိုင် ရွာအနီးမှာလည်း ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပါတယ်။
အလားတူ နိုဝင်ဘာ ၂၇ ရက်ကလည်း မူဆယ်မြို့ မန့်ဝိန်းရပ်ကွက်ရှိ ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးခန်း လက်နက်ကျည်ထိမှန်ခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။